ပရီးမီးယားလိဂ် အကောင်းဆုံး နံပါတ် ၈ တွေထဲက တစ်ဦး ဒါမှမဟုတ် ကောင်တာ-ဖိအားပေး စနစ်ရဲ့ သင်ရိုးဖြစ်လာတဲ့ ကာတစ်ဂျုံး

ကာတစ်ဂျုံးဟာ နယူးကာဆယ်ကို ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့သလို သူ့ရဲ့ ပါဝင် ကူညီပေးနိုင်စွမ်းတွေကြောင့်ပဲ အတော်လေး လူပြောများ ကစားသမားတစ်ဦး ဖြစ်လာနေခဲ့ပါပြီ။

ကာရာဘောင်းဖလားမှာ ကာတစ်ဂျုံး ခြေစွမ်းပြ ဂိုးသွင်းခဲ့တဲ့ပွဲအပြီး ကွင်းလယ်လူရဲ့ ဘောလုံး ခပ်သွက်သွက် ကစားလာနိုင်ခြင်းဟာ အကြီးမားဆုံး တိုးတက်မှုအဖြစ် နည်းပြကလော့ပ်ကပဲ ထုတ်ဖော် ချီးကျူးခဲ့တာပါ။ ဒါဟာ ဘောလုံး ကစားရာမှာ နှေးကွေးတယ်ဆိုတဲ့ အတိတ်က ဝေဖန်ချက်တွေကနေ အင်္ဂလန်သား ဖောက်ထွက်လာနိုင်ခြင်း ဖြစ်ပါလိမ့်မယ်။

မနှစ်ကရာသီ စနစ်သစ် အပြောင်းအလဲမှာ ထရန့်အပေါ် အာရုံစိုက်မှု များခဲ့ပေမယ့် ဘယ်ခြမ်း ကွင်းလယ်လူနေရာကနေ ဂျုံးကလည်း တောက်ပလာခဲ့ပါတယ်။ သူဟာ အမြန်ဆန်ဆုံး ပုံစံတွေနဲ့ ဖိအားပေးနိုင်စွမ်း ကောင်းမွန်ပြီး လှုပ်အားနှုန်း၊ ဘောလုံးထိန်းပေးနိုင်စွမ်းအရ ဂီနီစတိုင် ကစားဟန်ရှိသူအဖြစ် ယူဆခံရပါတယ်။

နယူးကာဆယ်ပွဲမှာ ကာတစ်ဂျုံးရဲ့ သွင်းဂိုဟာ လီဗာပူးအသင်း ဂိုးသမား အယ်လီဆန်ရဲ့ ပေးချက်ကနေ စတင်ရေတွက်ရင် ၉ ချက်မြောက်မှာ ၁၆ စက္ကန့်နဲ့တင် ဂိုးရခဲ့ခြင်းဖြစ်ပါတယ်။ ဒီဂိုးဟာ လီဗာပူးအသင်း ကစားဟန်ကို ကိုယ်စားပြုသလို ဂျုံးရဲ့ သွင်းဂိုးတွေ အနံ့ခံနိုင်စွမ်း ရှိလာမှုကို သက်သေထူပါတယ်။

ကာတစ်ဂျုံးရဲ့ အကောင်းဆုံး အရည်အချင်းကတော့ အမြန်ဆုံးဖိအားပေးမှုနဲ့အတူ ဘောလုံး ပြန်ဆယ်ယူနိုင်ခြင်း ဖြစ်ပါတယ်။ ကောင်တာ-ဖိအားပေးမှာ ကွင်းလယ်ဖန်တီးရှင် မလိုဘူးဆိုတဲ့ အယူအဆဟာ ပြိုင်ဘက်ကို ဖိအားပေးပြီး ခံစစ်ကနေ တိုက်စစ်ပြောင်းဖို့ ဘယ်လောက်မြန်မြန် အခွင့်အရေး ယူနိုင်သလဲအပေါ် မူတည်ပါတယ်။

ဖိအားပေးမှုနဲ့ ကောင်တာတိုက်စစ်ကို အဓိက ကစားတဲ့ လီဗာပူးအတွက် ပင်မ အသက်ကတော့ ပြိုင်ဘက် ဂိုးဧရိယာအနီးမှာ ဘောလုံး ပြန်လုယူနိုင်ဖို့ဖြစ်ပါတယ်။ နယူးကာဆယ်ပွဲမှာ ကာတစ်ဂျုံးက ၄ ကြိမ်ဖြင့် အများဆုံး လုပ်ပြခဲ့ပါတယ်။

အဆိုပါပွဲမှာပဲ ဂျုံးဟာ လီဗာပူးအသင်း ဘောလုံးပြန်ရဖို့ သီးခြား ကြိုးစားပေးမှု ၁၀ ကြိမ်လည်း ရှိခဲ့ပါတယ်။ တစ်ဦးချင်း ထိပ်တိုက်တွေ့မှု ၆ ကြိမ် အောင်မြင်ခဲ့သလို ကွင်းထဲ အများဆုံး ပြေးလွှားသူအဖြစ် ၁၂.၄၄ ကီလိုမီတာ ပြေးခဲ့ပါတယ်။

Gegenpressing စနစ်ရဲ့ ဖခင်ကြီးအဖြစ် တင်စားခံရတဲ့ နည်းပြကလော့ပ်ကတောင် နယူးကာဆယ်ပွဲမှာ ကာတစ်ဂျုံး ကစားခဲ့တဲ့ ပုံစံကို ကောင်တာ-ဖိအားပေး ကစားသူတွေအတွက် သင်ရိုးဗီဒီယို တစ်ခုအဖြစ် လေ့လာသင့်တယ်လို့ ညွှန်းဆိုပါတယ်။

“ ကာတစ်အတွက် သိပ်ကောင်းတဲ့ပွဲပါ။ သူ့ရဲ့ ခပ်မြင့်မြင့် ဖိအားပေးနိုင်မှု၊ ကောင်တာ ဖိအားပေး ကစားနိုင်မှုတွေကို အပြည့်အဝ မြင်ခဲ့ရပါတယ်။ သူဘယ်လောက် ကောင်းလဲ ကျနော်တို့ သိပါတယ်။ နည်းစနစ်ပိုင်း အရည်အချင်းလည်းရှိပြီး အခုဆို ပိုလို့တောင် ပွဲတွေမှာ ကောင်းလာတယ်။

သူ ဘယ်လို ဖိအားပေးလဲ၊ ကောင်တာ-ဖိအားပေး ဘယ်လို ကစားလဲ ဒါတွေကို သေချာလေး ကြည့်သင့်ပါတယ်။ နယူးကာဆယ်ပွဲမှာ သူကစားခဲ့တာဟာဆိုရင် ကောင်တာ-ဖိအားပေးကို အကောင်းဆုံး ကစားလိုသူတွေအတွက် ဗီဒီယို သင်ရိုးအဖြစ်တောင် လေ့လာကြည့်လို့ ရပါတယ်။ ” လို့ နည်းပြကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နွေတုန်းက ကာတစ်ဂျုံးအတွက် ပေါင် သန်း ၄၀ တန် ကမ်းလှမ်းမှု ရခဲ့သေးပြီး ပယ်ချခဲ့ခြင်းဖြစ်ကာ ဒီလကုန်ရင် အသက် ၂၃ နှစ်ပြည့်မယ့် ကစားသမားနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိနေသေးတာပဲ ဖြစ်ပါတယ်။

စနစ်သစ်နဲ့အတူ ပိုပြည့်စုံပြီး ပိုတောက်ပလာတဲ့ ကာတစ်ဂျုံးဟာ လီဗာပူးအသင်း ရာသီကုန်မှာ တစ်ခုခု ကြီးကြီးမားမား အောင်မြင်ရေး သော့ချက်ဖြစ်လာဖို့နဲ့ အဲ့လိုလုပ်နိုင်ခြင်းကြောင့် ၂၀၂၄ ယူရိုမှာ အင်္ဂလန်အတွက် ရွေးချယ်ခံရခြင်းဆိုတဲ့ ဂုဏ်ပြုမှုပါရဖို့ မျှော်လင့်မိတာ ဖြစ်ပါတယ်။