လီဗာပူးအသင်း ပြောသမျှကို မယုံကြည်ဖို့နဲ့ အံ့အားသင့်ဖွယ် လူခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း David Ornstein ဖွင့်ချ

လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ဘယ်အစွန်လူသစ် ခေါ်ယူသွားမှာ မဟုတ်သလို ကစားသမားသစ် လက်မှတ်ထိုးတာမျိုး မြင်လာရဖို့ ခဲယဉ်းတယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ဆိုပါတယ်။

မာတစ် ဒဏ်ရာရနေခြင်း၊ ရိုဘိုနဲ့ ကိုစတက်တို့ သက်သာလာဖို့ အချိန်ယူရမှာ ဖြစ်ခြင်းတွေကြောင့် ခံစစ်ဟာ လီဗာပူးရဲ့ ဦးစားပေးတွေထဲက တစ်နေရာ ဖြစ်လာသင့်တာပါ။ အများစုကတော့ ကွင်းလယ်ဟာလည်း လီဗာပူးအသင်း အားဖြည့်သင့်တဲ့ နေရာထဲ ပါဝင်နေဆဲလို့ မြင်ထားကြပါတယ်။

ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ နွေတုန်းက သတင်းထွက်ထားတဲ့ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ပေါင် သန်း ၆၀ လောက် ပေးလိုစိတ် မရှိသလို ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရေးကိုလည်း ကမ်းလှမ်းသွားမှာ မဟုတ်ပါဘူး။

အနီးစပ်ဆုံးကတော့ ဗဟိုခံစစ်နေရာ ခေါ်ယူရေးဖြစ်ကာ စပို့တင်းမှ အန်နာဆီယိုအတွက် မေးမြန်းမှုရှိတယ်လို့ သိထားရပါတယ်။

The Athletic သတင်းထောက် David Ornstein ကတော့ လီဗာပူးအသင်း ဇန်နဝါရီမှာ လူသစ်ခေါ်တာ ဖြစ်လာနိုင်ဆဲလို့ ဆိုပါတယ်။ သူကတော့ လီဗာပူးက အမြဲတမ်း စျေးကွက်ထဲမှာ ရှိနေတဲ့ အသင်းဖြစ်ကြောင်း အသိပေးလာတယ်။

David Ornstein က ဆိုရာမှာ ” လီဗာပူးက အမြဲတမ်း စျေးကွက်ထဲမှာ ပါဝင် လှုပ်ရှားလေ့ရှိတဲ့ အသင်းပါ။ သူတို့က အံ့ဩသင့်စရာတွေ ထလုပ်ပြလို့လည်း ကျနော်တို့တွေ အံ့ဩမှာ မဟုတ်တော့ပါဘူး။

သူတို့က လုပ်ရမယ့် လူသစ်ခေါ်ယူမှု အားလုံးနီးပါးကိုတော့ နွေစျေးကွက်တုန်းက လုပ်ခဲ့ပါတယ်။ သိပ်ကောင်းတဲ့ အခွင့်အရေးမျိုး ဆောင်းရာသီ စျေးကွက်မှာ ပေါ်ထွက်လာခဲ့ရင် လီဗာပူးက ကစားသမားသစ် ခေါ်ယူမှု လုပ်သွားမှာပါ ” လို့ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ကို ဦးဆောင်နေတာဖြစ်ကာ ဒီအခွင့်အရေးကို အရှိန်ထပ်တင်ဖို့ဆိုရင် အရည်အချင်းရှိ ကစားသမားအချို့ ပေါင်းထည့်တာမျိုးထက် ပိုကောင်းတာ မရှိနိုင်တော့ပါဘူး။