နာမည်ထွက်နေတဲ့ လီဗာပူးနဲ့ အမ်ဘတ်ပေ အပြောင်းအရွှေ့ဟာ တကယ်ဖြစ်လာနိုင်မယ့် ကိစ္စမျိုးလား

ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘတ်ပေဟာ ဒီနွေမှာ စာချုပ်ကုန်မှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရင် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းကလည်း သူရောက်ရှိနိုင်တဲ့ ကလပ်အဖြစ် ဖော်ပြနေပါတယ်။

အမ်ဘတ်ပေကို ခေါ်ယူဖို့ ရေပန်းစား အသင်းတစ်သင်းကတော့ ရီးရဲလ်မက်ဒရစ် ဖြစ်ပါတယ်။ မက်ဒရစ်ကလပ်ဟာ ဘတ်ပေကို ဒီနွေမှာ ခေါ်ယူနိုင်ရေး နောက်ဆုံး ကြိုးစားမှု တစ်ခု ပြုလုပ်ဖို့ ရှိနေကာ အခြေအနေတွေက ဘာဖြစ်လာမယ် မသိနိုင်သေးပါဘူး။

ဘတ်ပေကို ခေါ်ယူဖို့ဆိုရင် များပြားတဲ့ လက်မှတ်ထိုးကြေးနဲ့ လုပ်ခပေးရမှာမို့ အသင်းဘက်က မတတ်နိုင်ဘူးလို့ တွက်ဆမှုတွေ ရှိထားပါတယ်။ The Athletic သတင်းထောက် David Ornstein ကလည်း စိတ်ဝင်စားတိုင်း လက်မှတ်ထိုးမယ် မဆိုလိုဘူးလို့ မြင်ပါတယ်။

David Ornstein က ပြောရာမှာ “ ပီအက်စ်ဂျီအသင်း ပေးချေနေတဲ့ အမ်ဘတ်ပေရဲ့ လုပ်ခကို ပေးနိုင်လောက်မယ့် ကလပ်က ရီးရဲလ်မက်ဒရစ်ပဲ ရှိပါတယ်။

လီဗာပူးအသင်းနဲ့ အမ်ဘတ်ပေကြား အပြောင်းအရွှေ့ သတင်းချိတ်ပေးမှုတွေ ရှိနေတာ ကျနော်တို့ မြင်ပါတယ်။ ထွက်ပေးနေတဲ့ အကြံပြုချက်တွေက ယုံကြည်လို့ရရဲ့လား ကျနော် မသိပါဘူး။

အမ်ဘတ်ပေလို ကစားသမားကို ခေါ်ယူလို့ရမယ်ဆိုရင် အသင်းတိုင်းက စိတ်ဝင်စားမှာပါပဲ။ ဒါပေမယ့်လို့ စိတ်ဝင်စားတာက လက်မှတ်ထိုး ခေါ်ယူနိုင်မယ်လို့ ပြောလို့ မရပါဘူး။

ကျနော် သိထားရသလောက်တော့ ပီအက်စ်ဂျီဘက်က အေးဆေးပါပဲ။ အမ်ဘတ်ပေက ပြင်သစ်ကလပ်မှာ ဆက်နေလိုတယ်၊ စာချုပ်သစ် လက်မှတ်ထိုးမယ်ဆိုရင် သူတို့ဘက်က လိုလိုလားလား ရှိနေပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရာသီကုန်ရင် သီယေဂို၊ မာတစ်တို့နဲ့ စာချုပ်ကုန်မှာဖြစ်သလို ၂၀၂၅ မှာတော့ ဆာလာ၊ ဗန်ဒိုက်တို့နဲ့ စာချုပ်ကုန်မှာ ဖြစ်ပါတယ်။ ကလပ်ရဲ့ ဦးစားပေးက ထရန့်၊ ဆာလာ၊ ဗန်ဒိုက်ကို သက်တမ်းတိုးဖို့ပဲ ဖြစ်လိမ့်မယ် ယူဆရပါတယ်။