

လေဗာကူဆင် နည်းပြအလွန်ဆိုက သူ့ရဲ့ လီဗာပူးနေ့ရက်တွေအတွင်း အခင်မင်ရဆုံး အသင်းဖော်အကြောင်းကို ဖော်ထုတ်ရာမှာ အားလုံးထင်သလို ဂျရတ် ဟုတ်မနေခဲ့ပါဘူး။
အလွန်ဆို အရမ်းသဘောကျသူကတော့ အသံတိတ်ခေါင်းဆောင်လို့ လူသိများတဲ့ ဂျင်မီ ကာရေဂါပဲ ဖြစ်ပါတယ်။ ဂျရတ်ခေတ်မှာ ကာရေဂါဟာ အဝတ်လဲခန်းအတွင်း လုပ်ပေးရမယ့် ကိစ္စ မှန်သမျှကို ဦးဆောင်ပေးခဲ့ဖြစ်ပါတယ်။
စည်းကမ်းပိုင်း ထိန်းသိမ်းရတာကအစ အသင်းဖော်တွေကို ဆဲဆိုကြိမ်းမောင်းတာတွေ အားလုံးထိပါ ဂျရတ်အစား ကာရေဂါက အမြဲတမ်း တာဝန်ယူပေးခဲ့ပါတယ်။ အလွန်ဆိုကတော့ ကာရေဂါရဲ့ ဘောလုံးအပေါ် ချစ်မြတ်နိုးမှုဟာ သူနဲ့ တူတယ်လို့ ခံစားမိပါတယ်။
ဒီအကြောင်းတွေကိုတော့ ၂၁ ရာစု လီဗာပူးအသင်းအကြောင်း ရေးသားထားတဲ့ Ring of Fire မှာ အလွန်ဆိုက ပြောပြခဲ့တာပါ။
အလွန်ဆိုက ” ကျနော် အကြိုက်ဆုံးက ကာရေဂါပဲ။ သူက တကယ့် အကြီးစား လီဗာပူးသားတစ်ယောက်ပဲ။ ကျနော်တို့က ပထမရက်တည်းက နားလည်မှု ရှိခဲ့ကြပါတယ်။
ကျနော်က ဘောလုံးပေါ် ဘယ်လောက်ထိ မြတ်နိုးလဲ သူသိခဲ့ပုံရတယ်။ ကျနော်လည်း သူ့ရဲ့ ဘောလုံးအပေါ်ထားတဲ့ ချစ်ခင်စိတ်ကို ခံစားမိပါတယ်။ ကျနော်တို့ ဘောလုံးပွဲတွေ အတူတူကြည့်ပြီး နေ့တိုင်း စကားတွေ ပြောဖြစ်ခဲ့ကြတယ်။ သူနဲ့ အငြင်းအခုံဖြစ်တိုင်း ကာရေဂါက သိပ်သဘောကျတာပါ။
သူက အမြဲတမ်း အသံကျယ်ကျယ်နဲ့ပဲ၊ သူ့အသံက လူတိုင်းကို ကျော်လွန်နေတာပဲ။ ကျနော်ဆိုရင် ‘ကာရာရာ မင်းေ-ာက်ပေါက်ကို ပိတ်ထားလိုက်စမ်းပါ၊ မင်းဘာမှ သိတာ မဟုတ်ပါဘူး ‘ လို့ အမြဲပြောတာ။ သူက အဲ့လို ထိပ်တိုက် ရင်ဆိုင်ရတာတွေကို သိပ်ကြိုက်တာ။
သူက အရည်အချင်းလည်း ရှိတယ်၊ ပွဲတွေကို ဖတ်နိုင်စွမ်း သိပ်ကောင်းတယ်။ သူက နေ့တိုင်းမှာ သူ့ကိုယ်သူ စိန်ခေါ်နေတာ၊ ထိပ်တိုက်ရင်ဆိုင်နေရတာမျိုး သိပ်ကြိုက်သူပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။