ဂန္တဝင်ကြီး အီရန်ရှပ်ရဲ့ မြေးဖြစ်သူ အိုဝင်ဘက် လီဗာပူးအသင်းမှာ တောက်ပခွင့်ဟာ ရော်ဘတ်ဆန်အပေါ် မူတည်သွားပါပြီ

လီဗာပူးပရိသတ်တွေကြား ရေပန်းစားမှု နည်းပါးပေမယ့်လို့ ဇန်နဝါရီမှာ နည်းပြအဖွဲ့ဝင်တွေ ထောက်ခံခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဘယ်အစွန်လူ အိုဝင်ဘက်ဟာ စကော်တလန်လိဂ်ကနေ အသင်းထံ ပြန်လာခဲ့ပါပြီ။

လီဗာပူးအသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဟောင်း အီရန်ရှပ်ရဲ့ မြေးဖြစ်တဲ့ အိုဝင်ဘက်ဟာ ဒီနွေမှာ စကော်တလန်ကလပ် Dundee အသင်းထံ အငှားထွက်နေခဲ့ပြီး ထူးထူးချွန်ချွန်ကို ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးက အငှားကနေ ပြန်ခေါ်ယူခဲ့ချိန်မှာပဲ ရိန်းဂျားနဲ့ ဆဲလ်တစ်တို့က ဝေလ်းကြယ်ပွင့်ကို ဇန်နဝါရီမှာ ထပ်မံ အငှားချမယ်ဆိုရင် သူတို့ ခေါ်ယူလိုကြောင်း အသင်းအား ချက်ခြင်း အကြောင်းကြားလာခဲ့ပါတယ်။

လီဗာပူးအသင်းက ဇန်နဝါရီမှာ ဘယ်အစွန်နေရာအတွက် အလျင်စလို ခေါ်ယူမှု မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရော်ဘတ်ဆန်၊ ကိုစတက်တို့ ဒဏ်ရာကြောင့် နားနေရချိန်မှာ ဂိုးမက်စ်က အဆိုပါနေရာကို ဖြည့်ကစားနေတာပါ။

အိုဝင်ဘက်ကို ခေါ်ယူခြင်းဟာ ဇန်နဝါရီမှာ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့လို ပြည်တွင်း ဖလားပွဲတွေအတွင်း ဂိုးမက်စ်ရဲ့ ပွဲချိန်ကို လျော့ချဖို့ကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ ပေါ်တူဂီကလပ် Famalicao နဲ့ ဘော်တန်အသင်းတွေထံ အငှားထွက်ခဲ့သလို ဒီရာသီမှာ စကော်တလန်လိဂ်မှာ ပုံမှန် ပွဲကစားခွင့်ရနေတဲ့ အသက် ၂၁ နှစ်အရွယ် ဝေလ်းကြယ်ပွင့်ဟာ ရွှေရောင်အခွင့်အရေးကို ရရှိလာခဲ့ပါပြီ။

အိုဝင်ဘက်နဲ့ ကော်နာဘရတ်ဒလေလို အစွန်လူတွေအပြင် လုချမ်ဘာ၊ စကန်လွန်နဲ့ ကွင်းလယ်လူ မက်ကော်နယ်တို့ဟာ တနင်္ဂနွေနေ့ အာဆင်နယ်ပွဲမှာ ပါဝင်ခွင့် ရလာနိုင်ပါတယ်။

ဒဏ်ရာက သက်သာစပြုလာနေပေမယ့် ရော်ဘတ်ဆန်ဟာ ဇန်နဝါရီမှာ အသင်းလေ့ကျင့်ရေးထဲ ပြန်လာနိုင်ဖို့ မသေချာပါဘူး။ ဒီလကုန်တဲ့ထိ သူ မသက်သာလာရင် အိုဝင်ဘက်ကို နောက်ထပ် အသင်းထံ အငှားမချဘဲ ရာသီကုန်ထိ ဆက်ထိန်းကာ စီနီယာအသင်းအတွက် ခေါ်သုံးတော့မှာ ဖြစ်ပါတယ်။

စကော်တလန်လိဂ်ကို အငှားထွက်ရင်း ထူးချွန်ခြေစွမ်းတွေ ပြသနိုင်ခဲ့လို့ အိုဝင်ဘက်ဟာ ဒီကရှေ့ ပွဲကစားခွင့်ရလာချိန်မှာ ပရိသတ်တွေနဲ့ နည်းပြကလော့ပ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ အားထုတ်ရတော့မှာ ဖြစ်ပါတယ်။