ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်နေတဲ့ ဆိုလန်ကီနဲ့ ဆက်စပ်နေတဲ့ လီဗာပူး သဘောတူညီချက်

၂၀၁၉ ဇန်နဝါရီမှာ လီဗာပူး ကစားသမားဘဝ ပွဲပေါင်း ၂၇ ပွဲ ကစားပြီး သွင်းဂိုး ၁ ဂိုးပဲ ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆိုလန်ကီဟာ ဘုန်းမောက်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ချယ်ဆီးအသင်းကနေ အကယ်ဒမီကြေးပေးပြီး ခေါ်ယူခဲ့တဲ့ အင်္ဂလန်သား တိုက်စစ်မှူးအတွက် လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်း ရရှိခဲ့ာဖြစ်ပြီး ထိုစဉ်က သူ့အသက်ဟာ ၂၁ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်တွေမှာ ကျင်လည်ရင်း ပိုကောင်းတဲ့ ကစားသမား ဖြစ်လာခဲ့တဲ့ ဆိုလန်ကီဟာ ဒီရာသီမှတော့ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအဖြစ် ၁၃ ဂိုးထိ ရယူထားနိုင်ပါပြီ။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်တန်း အသင်းအချို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားလိုဟန်တွေ ပြသနေပါတယ်။

မာဆေးဆိုဒ်ကနေ ထွက်ခွာသွားတာဟာ ဒီဇန်နဝါရီဆိုရင် ၅ နှစ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ စာချုပ်မှာတော့ လီဗာပူးအသင်းကို အကျိုးအမြတ်ရစေမယ့် သဘောတူညီမှု ၂ ခုလောက်တော့ ပါဝင်နေဆဲဖြစ်ပါတယ်။

စာချုပ်ထဲမှာ လီဗာပူးဘက်က ဆိုလန်ကီကို အလိုရှိရင် ပြန်လည်ခေါ်ယူခွင့် ပါဝင်ထားဆဲဖြစ်တယ်။ ဘယ်လောက် ပမာဏပေးရင် ပြန်လည် ခေါ်ယူခွင့်ရှိမလဲတော့ အသေးစိတ် မသိရသေးပါဘူး။ ဒါ့အပြင် ဆိုလန်ကီကို ရောင်းချခဲ့ရင် လီဗာပူးအသင်း အကျိုးအမြတ် တစိတ်တပိုင်း ခံစားခွင့် ရနိုင်ဆဲဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ထုံးစံအရတော့ ကစားသမားကို ရောင်းချရာမှာ ရရှိတဲ့ အမြတ်ငွေရဲ့ ၁၀% ကနေ ၂၀% ထိ ခံစားခွင့်မျိုး ပါဝင်မယ်လို့ ယူဆရပါတယ်။

ဆိုလန်ကီရဲ့ စျေးကွက်တန်ကြေးဟာ ပေါင် သန်း ၅၀ အထက်မှာ ရှိနိုင်ပြီး လီဗာပူးအသင်းက အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို ပြန်လည် ခေါ်ယူခြင်း မရှိရင်တောင်မှ ကစားသမားရဲ့ အနာဂတ် ပြောင်းရွှေ့မှုကနေ ပေါင် ၁၀ သန်းအောက် အကျိုးအမြတ် ရနိုင်ဆဲပဲ ဖြစ်ပါတယ်။