အာဆင်နယ်ကို ရင်ဆိုင်ရမယ့် အက်ဖ်အေပွဲမှာ ဆာလာနေရာ ဘယ်လို အစားထိုးမလဲ နည်းပြကလော့ပ် ထုတ်ပြော

လီဗာပူးနည်းပြကလော့ပ်ကတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ဆာလာ မပါဘဲ ကစားရမှာဖြစ်ပေမယ့် နိုင်ပွဲအတွက် နည်းလမ်းရှာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဆာလာဟာ အာဖရိကဖလားပွဲတွေအတွက် အီဂျစ်အသင်းနဲ့ ပူးပေါင်းနေကာ ဖိုင်နယ်ထိ တက်ရောက်နိုင်မယ်ဆိုရင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နောက်ပိုင်းမှ လီဗာပူးနဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။

နည်းပြကလော့ပ်ကပဲ ‘ အခု ကျနော်တို့တွေ ဆာလာမပါတဲ့ အခြေအနေကို ရင်ဆိုင်ရမှာဖြစ်ပြီး ဖြေရှင်းနိုင်ရပါမယ်။ ကျနော်တို့ နည်းလမ်းရှာနိုင်မယ်လို့ အကောင်းမြင်ထားသလို ကွင်းထဲမှာ လက်တွေ့ သက်သေပြရမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်တုန်းက ဆာလာ မပါခဲ့ဘဲ ဟာဗေးကို သူ့နေရာကနေ ဝင်ကစားစေခဲ့တာပါ။ တောင်ပံနေရာမှာ မတူညီတဲ့ ပုံစံတွေနဲ့ ကစားနိုင်တဲ့ ရွေးချယ်စရာ တိုက်စစ်သမားတွေ ရှိနေတာ ကျနော်တို့အားလုံး သိထားပါတယ် ” လို့ ရှင်းပြပါတယ်။

ဆာလာနေရာမှာ အသင်းသား တစ်ဦးဦးကို ထည့်ပြီး ဆာလာ ပုံစံ ကစားစေဖို့ထက် သူ့နေရာ ဝင်ကစားမယ့်သူနဲ့အတူ လိုက်လျောညီထွေရှိတဲ့ ကစားဟန်မျိုးကို ဦးတည်သွားဖို့ နည်းပြကလော့ပ်က လျာထားပါတယ်။

ဒီရာသီအတွင်း လူငယ်တိုက်စစ်သမား ဟာဗေးက ညာတောင်ပံမှာ တာဝန်ယူခဲ့ဖူးသလို တိုက်စစ်သမား ဂျိုတာကလည်း ဆာလာနေရာ အစားဝင်ကစားတာမျိုး အတိတ်မှာတုန်းက လုပ်ခဲ့ဖူးပါတယ်။

ကလော့ပ်တော့ ” ဟာဗေးမှ မဟုတ်ဘဲ တောင်ပံမှာ ဘယ်သူပဲဖြစ်ဖြစ် မိုလို ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ အခြားနည်းလမ်းနဲ့ ကစားဖို့ လိုအပ်မယ်၊ ကောင်လေးတွေကို သူတို့ရဲ့ အရည်အချင်းအတိုင်း ကစားစေမှာဖြစ်ပါတယ်။

မို မရှိဘဲ ကစားချင်လား? နိုးပါ။ ဒါပေမယ့် အတိတ်တုန်းကလည်း သူမပါဘဲ ကစားခဲ့ဖူးတာမို့ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ကျနော်တို့ နည်းလမ်းရှာနိုင်ရပါမယ်။ အာဆင်နယ်ကို ရင်ဆိုင်ကစားရာမှာ မို ပါပြီး မနိုင်တာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ပွဲကို အနိုင်ရဖို့ စဉ်းစားရမှာ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။