အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲကို လူစာရင်းအပြည့်ဖြင့် လီဗာပူးအသင်း ယှဉ်ပြိုင်ဖွယ်ရှိ

တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲမှာ လူငယ်တွေကိုပဲ အဓိက ပွဲထုတ်တာမျိုး မလုပ်ဘဲ တောင့်တင်းတဲ့ လူစာရင်းမျိုးကို ခင်းကျင်းလာနိုင်ကြောင်း နည်းပြကလော့ပ်က ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းမှာ တိုက်စစ်သမား ဆာလာနဲ့ ကွင်းလယ်လူ အန်ဒိုတို့ လက်ရွေးစင် အသင်းတွေနဲ့ သွားရောက် ပူးပေါင်းနေကြတာကလွဲလို့ အဓိက ကစားသမား အများအပြား ရှိနေဆဲပါ။ ဒါ့အပြင် လူငယ် အများစုကိုလည်း ဇန်နဝါရီမှာ ပြန်လည် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဆိုဘိုစလိုင် ဒဏ်ရာကြောင့် လာမယ့် ၂ ပွဲကို လွဲဖို့ ရှိနေသလို ဘယ်အစွန်မှာ ကိုစတက်၊ ရော်ဘတ်ဆန်တို့ နားနေရဆဲ ဆိုပေမယ့်လို့ ရွေးချယ်လို့ ရမယ်ဆိုရင် အကောင်းဆုံး လူစာရင်းကို ထုတ်သုံးလာမယ်လို့ နည်းပြက ပြောပါတယ်။

နည်းပြကလော့ပ်က “ သေချာတော့မသိသေးဘူးဗျာ။ ဒါပေမယ့် ပထမရာသီဝက်မှာ ကျနော်တို့ အလှည့်ကျ ကစားမှုတွေ အတော်လေး လုပ်ခဲ့ရပါတယ်။ အဲ့တာကပဲ အခုချိန်ထိ အရန်ခုံကနေ အသင်းသားတွေ အကောင်းဆုံး သက်ရောက်မှုတွေ လုပ်ပြနိုင်ဖို့ အကြောင်းရင်းဖြစ်ခဲ့တာပါ။

အရန်ခုံက ထလာတဲ့ အသင်းသားတွေက အများကြီး ကူညီပေးနိုင်ကြပါတယ်။ အာဆင်နယ်ပွဲမှာ အလှည့်ကျ ထပ်လုပ်သင့်လား ကျနော် မသေချာဘူး။ ကျနော်တို့မှာ ကြီးမားတဲ့ လူစာရင်းကြီး ရှိနေတာ မဟုတ်ပေမယ့် ရွေးချယ်စရာ ကစားသမားတွေ ရှိနေရင် ၁၀၀% အတောင့်တင်းဆုံး အသင်းကိုပဲ ထုတ်မှာပါ။

အခုချိန်ထိတော့ အလှည့်ကျ ထုတ်ဖို့အကြောင်း မစဉ်းစားသေးပါဘူး။ ပွဲမတိုင်ခင် ရက်နည်းနည်း အချိန်ရထားတယ်။ ဒါကြောင့် အနားပေးတာတွေ လုပ်ဖို့ မလိုပါဘူး။ အာဆင်နယ်ပွဲပြီးမှ ဖူလ်ဟမ်ပွဲအကြောင်း စဉ်းစားလို့ ရပါတယ်။

နှစ်ပွဲလုံးက အရေးကြီးပါတယ်။ ဒီပွဲတွေကို နိုင်ချင်ပါတယ်။ အာဆင်နယ်ကို ရင်ဆိုင်ရမယ့်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အာဆင်နယ်ပွဲပြီးရင်တော့ လီဗာပူးအသင်းက ဖူလ်ဟမ်နဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲ ကစားရမှာဖြစ်ကာ အဲ့ပွဲပြီးရင် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ ရှိနေတာ ဖြစ်ပါတယ်။