ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အများဆုံး ပေးချေနေတဲ့ ထိပ်ဆုံး ၂ သင်းအဖြစ်က လီဗာပူးအသင်း လျော့ကျလာနေပြီလား

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း နောက်ဆုံး ထွက်ရှိထားတဲ့ Deloitte’s Money League ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ လုပ်ခ ပေးချေရမှု ဒုတိယအများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။

လီဗာပူးအသင်းရဲ့ တစ်သင်းလုံး လုပ်ခဟာ တစ်နှစ်အတွင်း ပေါင် ၃၁၄ သန်းကနေ ပေါင် ၃၆၈ သန်းထိ ခုန်တက်သွားခဲ့တာဖြစ်ပြီး ကလပ်စုစုပေါင်း ဝင်ငွေရဲ့ ၆၂% ထိဟာ လုပ်ခတွေအတွက် အသုံးပြုထားရတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အကယ်ဒမီအသင်းတွေအတွက် တစ်နှစ်ကို ရင်းနှီးမြုပ်နှံမှု ပေါင် ၁၂ သန်း ဝန်းကျင်ရှိပြီး မန်စီးတီး၊ ချယ်ဆီးတို့ကတော့ တစ်နှစ်ကို ပေါင် သန်း ၅၀ ဝန်းကျင် ရင်းနှီးထားပါတယ်။ ဒီနှစ်တွေအတွင်းမှာ စီးတီးနဲ့ ချယ်ဆီး အကယ်ဒမီတွေဟာ လူရောင်းချမှုကနေ ပေါင် သန်း ၁၀၀ ဝန်းကျင် ပြန်ရနေသလို အကျိုးအမြတ်မျိုးတော့ လီဗာပူးအသင်းထံက မမြင်ထားရပါဘူး။

ဒီအပတ်တွေအတွင်းမှာ လီဗာပူးအသင်းနဲ့ အမ်ဘာပေကြား အပြောင်းအရွှေ့ သတင်းနဲ့အတူ ဒီခေါ်ယူမှု ဖြစ်နိုင်လား မဖြစ်နိုင်လား သုံးသပ်မှုတွေအတွင်း ကလပ် ပေးနေရတဲ့ လုပ်ခကလည်း အရေးကြီးတဲ့ ကိစ္စရပ်အဖြစ် သုံးသပ်ခံလာရပါတယ်။

ဗြိတိန်နာမည်ကြီး သတင်းထောက်ဖြစ်တဲ့ David Ornstein ကတော့ ဒီအပြောင်းအရွှေ့ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေမယ့် လုပ်ခပိုင်းမှာ လီဗာပူး တတ်နိုင်ဖွယ် မရှိဘူးလို့ သုံးသပ်ပါတယ်။ ဒီတော့ လီဗာပူးအသင်း ပေးချေနေရတဲ့ လက်ရှိ လုပ်ခက ဘယ်လောက်ထိ ရှိနေလဲ အကျဉ်း ပြောပြမှာဖြစ်ပါတယ်။

အသင်းဟာ ကစားသမားတွေရဲ့ ပွဲထွက်ပေးနိုင်မှု၊ စွမ်းဆောင်ရည်နဲ့ စာချုပ်ပါ အချက်အလက် ပြည့်စုံမှုတွေအပေါ် မူတည်ပြီး ဆုကြေးပေးခြင်း၊ လုပ်ခ တိုးမြင့်ခြင်းတွေအပြင် ဆုဖလား အောင်မြင်မှုတွေအတွက် သီးသန့် ဆုကြေးစနစ်တွေ ပါဝင်ထားတာ ဖြစ်ပါတယ်။

၂၀၂၃ မှာ နောက်ဆုံးသိခဲ့ရတဲ့ လုပ်ခ ပေါင် ၃၆၈ သန်းမှာတော့ ချန်ပီယံလိဂ် ဖိုင်နယ်ထိ တက်နိုင်မှု၊ ကာရာဘောင်း၊ အက်ဖ်အေဖလား အောင်မြင်မှုတွေအတွက် သီးခြားဆုကြေးတွေလည်း ပါဝင်နေခဲ့တာပါ။

ဒီရာသီစမှာ လီဗာပူးအသင်းဟာ လုပ်ခပိုင်းကို ကြီးကြီးမားမား လျော့ချနိုင်ခဲ့ပါတယ်။ နွေစျေးကွက်မှာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နို၊ အာသာ၊ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကို ရှင်းထုတ်ခဲ့ခြင်းကြောင့် တစ်နှစ်ကို လုပ်ခ ပေါင် သန်း ၅၀ ဝန်းကျင်ထိ လုပ်ခပိုင်း လျော့ကျပါလိမ့်မယ်။

အဲ့နောက်ပိုင်း လီဗာပူးအသင်းဟာ အယ်လီဆန်ကို တစ်ပတ် ပေါင် ၂ သိန်း ဝန်းကျင်ထိ စာချုပ်သစ်ပေးခဲ့ကာ ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာ၊ အန်ဒိုနဲ့ ဂရာဗင်ဘက်ချ်တို့ကို ခေါ်ယူခဲ့ပါတယ်။ အနာဂတ်မှာတော့ ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့ကို သက်တမ်းတိုးဖို့ ကြိုးစားလာနိုင်ပါသေးတယ်။

ဒီလတွေအတွင်း ထွက်ပေါ်လာမယ့် လီဗာပူးအသင်း လုပ်ခဟာ ပေါင် ၃၂၀ သန်းရဲ့ အောက်ကို ဆင်းသွားမယ်လို့ သုံးသပ်ထားရပြီး နွေမှာ သီယေဂို၊ မာတစ်နဲ့ အတ်ဒရီယန်တို့ကို ထွက်ခွင့်ပေးရင်တော့ တစ်နှစ်ကို ပေါင် သန်း ၂၀ ဝန်းကျင် ထပ်မံ လျော့ကျလာပါလိမ့်မယ်။

ကလော့ပ်ရဲ့ Liverpool 2.0 ဟာ ပိုမို ဟန်ချက်ညီတဲ့ အခြေအနေမျိုးထံ သွားနေပြီး စီနီယာလူစာရင်းထဲ ဂျုံး၊ ဟာဗေး၊ ကွမ်းဆက်တို့ကို homegrown တွေအဖြစ် အင်အားဖြည့်ကာ သူတို့နေရာမှာ လူငယ်အချို့ကို ထပ်မံ စင်တင်ပေးလာဦးမှာ ဖြစ်ပါတယ်။