ပြင်သစ်သား တိုက်စစ်မှူး အမ်ဘတ်ပီဟာ သူ့အနာဂတ်ကို အခုချိန်ထိ မဆုံးဖြတ်ရသေးပါဘူးဆိုတဲ့ စကားနဲ့အတူ ဒီနွေမှာ ဘာမဆိုဖြစ်လာနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။
ပြင်သစ်သတင်းထောက်တွေ့တော့ ပီအက်စ်ဂျီကို အမ်ဘတ်ပီ စွန့်ခွာမယ်ဆိုရင် သူရောက်နိုင်မယ့် ကလပ် ၂ သင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် အမ်ဘာပေဟာ လီဗာပူးကို တော်တော်လေး သဘောကျတယ်လို့လည်း ပူးတွဲဖော်ပြနေကြတယ်။
လီဗာပူးအသင်းနဲ့ နီးစပ်သူတွေကတော့ အမ်ဘတ်ပီရဲ့ လုပ်ခဟာ မြင့်မားလွန်းတာကြောင့် ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ပါတယ်။ ဒါပေမယ့် အကြောင်းရင်း တစ်ချက်ဖြစ်လာရင် လီဗာပူးက အမ်ဘတ်ပီကို ခေါ်နိုင်မယ်ဆိုတဲ့ သီအိုရီမျိုး ထွက်ပေါ်လာနေပါတယ်။
(ဒီနေရာမှာ ကြိုတင် မေတ္တာရပ်ခံလိုတာက ဒီကိစ္စဟာ ယူကျူ့တွေမှာနဲ့ ဝဘ်ဆိုဒ်တွေမှာ အမြင်တစ်ခုအဖြစ် ချဉ်းကပ် ဆွေးနွေးနေကြတာတွေကို ဖော်ပြခြင်းဖြစ်ပြီး Fan Theory သက်သက်ပဲဖြစ်တာမို့ အဲ့လိုမျိုးတွေ မကြိုက်ရင် ဆက်မဖတ်လို့လည်း ရပါတယ်)
Salah OUT Mbappe IN
ဒီသီအိုရီကတော့ တော်တော်လေး ရှင်းပါတယ်။ ဆာလာအထွက် အမ်ဘတ်ပီ အဝင်ပါပဲ။ မိုဆာလာဟာ လီဗာပူးအသင်းမှာ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိထားတာပါ။ ဒီနွေစျေးကွက်ဟာ သူ့ကို ရောင်းချဖို့ လီဗာပူး စျေးကောင်းရမယ့် နောက်ဆုံး အခွင့်အရေးဖြစ်ပါတယ်။
၂၀၂၃ နွေမှာ ဆော်ဒီကလပ် Al Ittihad အသင်းဟာ မိုဆာလာကို ပေါင် သန်း ၁၂၀ ဖြင့် တရားဝင် ကမ်းလှမ်းခဲ့ပါတယ်။ လီဗာပူးက ပယ်ချခဲ့တဲ့နောက် ပေါင် သန်း ၁၅၀-၂၀၀ ကြားရှိမယ့် စာချုပ်ပေးဖို့ ပြင်ဆင်ပေမယ့် ကစားသမားကိုယ်တိုင်က မပြောင်းလိုခဲ့ရာက စျေးကွက်ပိတ်ခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီလိဂ်က ဆာလာကို လိုချင်ပါတယ်။ ဒီနေရာမှာ အာရပ်ကမ္ဘာရဲ့ အခြေအနေကို အသေးစိတ် မဟုတ်ဘဲ အကြမ်းသဘော ပြောရမယ်ဆိုရင် လက်ရှိ အရှေ့အလယ်ပိုင်း ဒေသရဲ့ အပြင်းထန်ဆုံး ဒါဘီပွဲဟာ Al Nassr နဲ့ Al Hilal အသင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။
ဆော်ဒီထိပ်သီးကလပ် ၄ သင်းထက်မနည်းဟာ ဆော်ဒီအာဏာပိုင်တွေ နောက်ခံထားတဲ့ ရင်းနှီးမြုပ်နှံမှုအဖွဲ့ (PIF) က ပိုင်ဆိုင်ထားတာပါ။ ဒါဟာ ဥရောပကလပ်တွေနဲ့တော့ အနည်းငယ် ကွဲပြားနေမှာ ဖြစ်ပါတယ်။ ဆော်ဒီလိဂ်ဟာ နာမည်ကြီး ပုဂ္ဂိုလ်တွေ ခေါ်ယူနေပေမယ့် သူတို့မှာ ဒါဘီပြိုင်ဆိုင်မှုတွေ လိုအပ်နေပါတယ်။
(PIF) က သူတို့ပိုင် နောက်ထပ် ကလပ်တစ်သင်းအတွက် ဆာလာကို ခေါ်ယူပြီး ရော်နယ်ဒိုနဲ့ ပြိုင်ဆိုင်စေခြင်းဟာ ဆော်ဒီဘောလုံးလိဂ်ကို ကမ္ဘာ့ဘောလုံးပရိသတ်တွေ စိတ်ဝင်စားလာစေရေး သော့ချက်ကျလာမယ်လို့ တွက်ဆမှုမျိုး ရှိပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ အခုဆိုရင် နိုင်ငံတကာမှာ ရုပ်သံပေါင်း ၄၀ နဲ့ လက်တွဲနေပြီး ဆာလာကိုပါ ခေါ်နိုင်ရင် ဆတိုးများလာဖို့ ရှိပါတယ်။
လီဗာပူးအသင်းဘက်က ကြည့်မယ်ဆိုရင်တော့ မိုဆာလာအတွက် တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲကနေ ၅ သိန်းထိရှိမယ့် စာချုပ်ကို ပေးထားတာဖြစ်ပါတယ်။ သူ့ကို ထပ်မံ သက်တမ်းတိုးရင် တူညီတဲ့ လုပ်ခမျိုးလောက်ကို နောက်ထပ် ၃ နှစ်လောက် ချုပ်ဆိုရမှာဖြစ်ပြီး စာချုပ်ကုန်ချိန်မှာ အသက် ၃၅ နှစ်အရွယ် ရှိနေပါမယ်။
ဒီနွေမှာ ဆာလာကို ဆော်ဒီလိဂ်ထံ စံချိန်တင်ကြေးဖြင့် ရောင်းချပြီး အမ်ဘတ်ပီကို ဆာလာအတွက် ပေးထားတဲ့ လုပ်ခထက် အနည်းငယ်ပိုပေးခြင်းဟာ ကလော့ပ်ရဲ့ Liverpool 2.0 မှာ ဟန်ဒါဆန်၊ ဖာဘင်ညိုနေရာ ကွင်းလယ် သွေးသစ်လောင်းမှုလိုမျိုး တိုက်ရိုက် အားဖြည့်နိုင်ခြင်းလို့ ယူဆမှုတွေ ရှိပါတယ်။
ကစားဟန်အားဖြင့် နေရာမတူဘူးလို့ ထောက်ပြမှုတွေကိုတော့ အမ်ဘတ်ပီဟာ ဘယ်တောင်ပံနဲ့ တိုက်စစ်နေရာကို အဓိက ကစားပေမယ့် မိုနာကိုမှာတော့ ညာတောင်ပံအဖြစ် ကစားခဲ့တာကလည်း တိုက်ရိုက် အစားထိုးလို့ရစေမယ်လို့ ဖြေရှင်းလာတာမျိုးတွေ ရှိပါတယ်။
ပြင်သစ်ဘက်က သတင်းထောက်တွေကတော့ နှစ်သင်းကြား ထိပ်တိုက်တွေ့မှုတွေအပြီး အမ်ဘတ်ပီ ရီးရဲလ်မက်ဒရစ်ကို ရောက်မှာကို တော်တော်လေး သဘောမကျပါဘူး။ လီဗာပူးနဲ့ ဆာလာ အခြေအနေကို ကြည့်နေသလို ဆော်ဒီဘက်က ဝင်ပါမှာကို နားလည်ဟန်ရှိကာ ဆက်တိုက်ဆိုသလို အမ်ဘတ်ပီနဲ့ လီဗာပူးကြား လင့်ချိတ်ပေးနေကြတာပါ။
အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ပြီး လီဗာပူးဘက်ကတော့ ဆာလာအပြင် ထရန့်၊ ဗန်ဒိုက်၊ ကလော့ပ်တို့ကိုပါ သက်တမ်းတိုးလိုကြောင်း သတင်းထွက်နေတာဖြစ်ပါတယ်။