NEWS: လီဗာပူး လိုက်ဖို့ ခက်ခဲသွားပြီဖြစ်တဲ့ အမ်ဘာပေရဲ့ အနိမ့်ဆုံး လက်မှတ်ထိုးကြေးနဲ့ လုပ်ခ

နွေမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်တော့မယ့် အမ်ဘာပေဟာ ဒီလထဲမှာတင် အကြိုသဘောတူညီမှုကို လက်မှတ်ထိုးဖို့ ရီးရဲလ်မက်ဒရစ်တို့ ဖိအားပေးနေခြင်းအပေါ် စိတ်ကုန်နေပါတယ်။

ပြင်သစ်စူပါစတားဟာ ပရီးမီးယားလိဂ်ထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာဖို့လို အခြားသော ရွေးချယ်စရာတွေကိုလည်း ရှာဖွေလိုနေသေးတာပါ။ ရီးရဲလ်ကတော့ ဇန်နဝါရီမှာတင် သူတို့အသင်းထံ ပြောင်း မပြောင်း သေချာတဲ့ အဖြေပေးဖို့ အမ်ဘာပေကို အသိပေးထားပါတယ်။

(ထုံးစံအတိုင်းပါပဲ အရမ်းဟော့ဖြစ်နေတဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် ခိုင်လုံတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြမှာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ မဖြစ်နိုင်ဘူး ယုံကြည်သူတွေအဖို့ ဆက်မဖတ်လို့လည်း ရပါတယ်)

ရီးရဲလ်ဘက်က ဒီနွေမှာ ဘာပေကို ရမယ်ဆိုရင် ကလပ်စံချိန်တင် လုပ်ခမျိုးထိ ပေးဦးမှာပါ။ ဒါပေမယ့်လို့ ၂၀၂၂ တုန်းက ကမ်းလှမ်းခဲ့တဲ့ ပမာဏထက် နည်းပါးတဲ့ လုပ်ခမျိုးကိုပဲ ကမ်းလှမ်းမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို လက်မှတ်ထိုးကြေး ယူရို သန်း ၁၃၀ ပေးဖို့နဲ့ တစ်နှစ်လုပ်ခ ယူရို ၂၆ သန်း ပေးဖို့ သဘောတူညီခဲ့ပေမယ့် ကစားသမားက ပီအက်စ်ဂျီနဲ့ပဲ သက်တမ်းတိုးခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ အမ်ဘာပေ လက်ရှိရနေတာက ဆုကြေးတွေ အပါဆိုရင် တစ်နှစ်ကို ယူရို ၇၅ သန်းဖြစ်ပါတယ်။ ဒါဟာ နွေမှာ ရီးရဲလ်ပေးမှာထက် ၃ ဆလောက် ပိုများတဲ့ လုပ်ခဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ် ၆ လပဲ ကျန်ရှိတော့တဲ့ အမ်ဘာပေဟာ ဇန်နဝါရီမှာတင် ပြင်သစ်လိဂ် ပြင်ပကလပ်တွေနဲ့ တရားဝင် စကားပြောလို့လည်း ရနေပါပြီ။ ပြင်သစ်ကလပ်မှာ ဆက်နေမယ်ဆိုရင် သစ္စာရှိကြေး ယူရို သန်း ၈၀ ရမှာဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ ထွက်ခွာလိုရိပ် ပြသထားပါပြီ။

ရီးရဲလ်မက်ဒရစ်ဟာ ဘဏ္ဍာရေးပိုင်း အင်အားနည်းလာခြင်းနဲ့ အားကစားပိုင်း အစီအစဉ်သစ်တွေအရ လူငယ်သွေးသစ်တွေအပေါ် အားပြုလာနေပြီး အမ်ဘာပေကို ၂၀၂၂ တုန်းကလို လုပ်ခမျိုး ပေးတော့မှာ မဟုတ်တာကလည်း သေချာနေပါပြီ။

အမ်ဘာပေရဲ့ ပရီးမီးယားလိဂ်ထံ ပြောင်းဖို့ အခွင့်အရေး ရှာဦးမယ်ဆိုတဲ့ အချက်ဟာ ရီးရဲလ်မက်ဒရစ်ထံက လက်မှတ်ထိုးကြေးနဲ့ လုပ်ခ ပိုရဖို့ရာ ကြိုးစားခြင်းပဲ ဖြစ်လာဖို့ ရှိနေပြီး မကြာခင်မှာ စပိန်ကလပ်နဲ့ သဘောတူညီမှု ယူသွားမယ့် အခြေအနေ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘာပေကို ခေါ်ယူလိုရင် အနည်းဆုံး လက်မှတ်ထိုးကြေး ယူရို သန်း ၈၀ ပေးရမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၂၆ သန်း ပေးရပါမယ်။ ဒီထဲမှာ ပုံရိပ် အသုံးပြုခတော့ မပါသေးပါဘူး။ လက်ရှိ ကလပ်ရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမား ဆာလာတောင်မှ တစ်နှစ် ယူရို ၂၁ သန်းပဲ ရထားတာ ဖြစ်ပါတယ်။

လားရာတွေအရ ကစားသမားဘက်နဲ့ လာလီဂါကလပ်တို့ ငွေကြေးကိစ္စတွေကို ညိနှိုင်းကြမယ့် အနေအထားဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ ဘာမှ လှုပ်ရှားလာခြင်း မရှိသလို ဘာပေကို ခေါ်နိုင်ဖို့ အလှမ်းဝေးလွန်းခဲ့ပြီ ဖြစ်ပါတယ်။