အမ်းမရိတ်မှာ အာဆင်နယ်ကို အဝေးကွင်း သွားရောက်ရင်ဆိုင်ကစားပြီး လီဗာပူးအသင်းဟာ ကီဝီအာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိမှု၊ ဒီယက်စ်ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးတွေဖြင့် ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီပွဲမှာ နည်းပြကလော့ပ်ဟာ တိုက်စစ်သမားတွေအဖြစ် ဒီယက်စ်၊ ဒါဝင်၊ ဂက်ပိုတို့ကို ထုတ်သုံးပေမယ့် ဂက်ပိုကို ကွင်းလယ်ပို့ပြီး ဟာဗေးကို ညာတောင်ပံတင် ကစားခဲ့ပါတယ်။ ကွင်းလယ်တွဲဘက်အဖြစ်တော့ ဂျုံးနဲ့ မာကာတို့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဖျားနေတဲ့ ဗန်ဒိုက်တော့ မပါလာနိုင်ပါဘူး။
ပွဲစကတည်းက လီဗာပူးအသင်း ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ၄၅ မိနစ် ပြီးတဲ့ထိ နာလန် မထူပါဘူး။ အဖွင့် ၁၀ မိနစ်မှာတင် အခွင့်အရေးကြီး ၂ ကြိမ် ပေးခဲ့ရပြီး အာဆင်နယ်တိုက်စစ်က အတော်လေး အဆုံးသတ် ညံ့လို့ အသင်း ကံကောင်းခဲ့တာပါ။
ဗန်ဒိုက် မပါဝင်တဲ့ ခံစစ်ကို အာဆင်နယ်ဘက်က ဖိအားပေးရတာ လွယ်ကူလွန်းခဲ့ပြီး ဒီယက်စ်နဲ့ ဒါဝင်တို့က တိုက်စစ်ကို ဦးဆောင်နိုင်စွမ်း အားနည်းလွန်းခဲ့ပါတယ်။ ပထမပိုင်းမှာ ထရန့်ရဲ့ ကန်ချက် တိုင်ထိခဲ့တာကလွဲလို့ အခွင့်အရေး မရသလောက်ပါပဲ။
ဒီပွဲမှာ ကွင်းလယ်ဒိုင်က စိတ်ကြိုက် ကစားခွင့်ပေးတာကြောင့် နှစ်သင်းက ခပ်ကြမ်းကြမ်း အဖျက်တွေ လုပ်ခဲ့ပါတယ်။ ဂျုံးရဲ့ စကေးပြမှုမှာ ဘမ်ဝှိုက် ရှက်ယမ်းယမ်းတဲ့ ဖြစ်ရပ်မျိုးဟာ ပရီးမီးယားလိဂ်မှာဆိုရင် အဝါကတ် ပြသခံရနိုင်ပေမယ့် ဘာကတ်မှ မပြခဲ့ပါဘူး။
Arsenal fans were putting Ben White in conversations with James & Trent? This guy is not even close to Gusto’s level 💀pic.twitter.com/2hi3DCXHgE
— Dean (@DeanCFC_) January 7, 2024
ဒုတိယပိုင်းမှာတော့ ဒါဝင်ရဲ့ တိုးအားတွေ မြင်ရခြင်းနဲ့အတူ ကစားပုံ အနည်းငယ် တိုးတက်လာပါတယ်။ ကျေနပ်လောက်စရာတော့ မကောင်းပါဘူး။ ဆာလာမရှိတဲ့ လီဗာပူးတိုက်စစ်က ရင်မောစရာ ကောင်းလှပါတယ်။ အာဆင်နယ်တို့ရဲ့ တိုက်စစ်ပိုင်း ထက်မြက်မှု မရှိခြင်းကပဲ လီဗာပူးကို အကြိမ်ကြိမ် ကယ်တင်နေခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းအတွင်း ဒီယက်စ်ရဲ့ ကန်ချက်ကောင်း တစ်ကြိမ်ကို ရမ်စ်ဒယ် ကာကွယ်နိုင်သွားတာက နစ်နာလှတယ်။ အသင်းကစားပုံ ဖရိုဖရဲနိုင်ပေမယ့် ခံစစ်ကာကွယ်ပုံတွေက မဆိုးလှဘဲ ကိုနတေးထံက ထူးချွန် ခြေစွမ်း မြင်ခဲ့ရပါတယ်။
ပွဲချိန် ၇၅ မိနစ်လောက်မှာ ကလက်နဲ့ ဘရတ်ဒလေတို့ ဝင်ကစားမှပဲ လီဗာပူး ကစားပုံ ပိုတက်လာခဲ့ပါတယ်။ တကယ်တမ်း ဂိုးရတာကတော့ ထရန့်ရဲ့ တည်ကန်ဘောကို အာဆင်နယ်တို့ ရှင်းထုတ်ဖို့ ကြိုးစားရင်း ခံစစ်မှူး ကီဝီအာက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာပါ။
What a delivery from Trent Alexander Arnold#ARSLIV pic.twitter.com/iogqjOkUHL
— Morio Anzenza (@__spence_r) January 7, 2024
နောက်ပိုင်း မိနစ်တွေမှာအာဆင်နယ်တို့ ခြေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ကာ ပွဲပြီးခါနီးမှာတော့ ဒါဝင်၊ ဂျိုတာတို့ ဖန်တီးပေးမှုနေ ဒီယက်စ်က ပွဲသိမ်းဂိုး သွင်းယူခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ အိမ်ရှင် အာဆင်နယ်အသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ထံ တက်ရောက်သွားပြီဖြစ်ပါတယ်။