Transfer NEWS: ဇန်နဝါရီမှာ ကာဗာရိုကို အငှားချမယ့်အသင်း ရှာတွေ့သွားပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လိုက်ဇစ်ကနေ ပြန်လည် ခေါ်ယူထားတဲ့ ကာဗာရိုကို ရာသီကုန်ထိ ထပ်မံ အငှားချဖို့ရာ စီစဉ်နေပြီ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဘယ်တောင်ပံ တိုက်စစ်သမားကို လိုက်ဇစ်ထံ အငှားချခဲ့ပေမယ့် ပုံမှန်ပွဲကစားခွင့် မပေးနိုင်တာကြောင့် ရာသီဝက်မှာတင် ပြန်လည် ခေါ်ယူခဲ့တာပါ။ ဒီစျေးကွက်အတွင်း သူ့ကို အငှားခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ၂ သင်းနဲ့ ချန်ပီယံရှစ်ကလပ် ၆ သင်းလောက်က ကြိုးစားနေခဲ့ပါတယ်။

ဒီအသင်းတွေထဲမှာ လီဗာပူးကတော့ ဆောက်သမ်တန်နဲ့ ဟူးစီးတီးကြား ရွေးချယ်မှု ပြုလုပ်နေတာဖြစ်ပြီး ဟူးစီးတီးကို ပိုမို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။

ကလပ်နှစ်သင်းလုံးက ပုံမှန်ပွဲကစားခွင့်ပေးဖို့ အာမခံချက် ပေးထားကြသလို ကာဗာရိုက ဟူးစီးတီးနည်းပြအပြင် အဆိုပါ ကလပ်မှာ အငှားထွက်နေတဲ့ တေလာ မော်တန်နဲ့ပါ စကားပြောဆိုထားပါပြီ။

မော်တန်ဟာ ဒီရာသီ ဟူးစီးတီးထံ တစ်ရာသီ အငှားထွက်နေရင်း ပုံမှန်ပွဲထွက်ခွင့် ရနေသူပါ။ ကာဗာရိုကိုလည်း အလားတူ နေရာပေးဖို့ရှိကာ ဒီအပတ်မှာတင် အပြောင်းအရွှေ့ကိစ္စ အပြီးသတ်နိုင်ပါတယ်။

၂၀၂၂ တုန်းကပဲ လီဗာပူးအသင်းဟာ ဖူလ်ဟမ်ကနေ ကာဗာရိုကို ပေါင် ၅ သန်း ပေးပြီး ခေါ်ယူခဲ့တာပါ။ မာဆေးဆိုဒ်ကလပ်နဲ့ လန်ဒန်ကလပ်ကြားမှာ ကစားသမားရဲ့ စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင် ၂.၇ သန်းပေးဖို့နဲ့ အနာဂတ် ရောင်းချမှုရဲ့ ၂၀% ကို ခံစားခွင့်ပေးဖို့တွေ ပါဝင်ထားသေးတာ ဖြစ်ပါတယ်။