မနှစ်ကရာသီမှာ သုံးသပ်သူ အများအပြားအပြင် လီဗာပူးပရိသတ်တွေ ကိုယ်တိုင်က ကလော့ပ်ဟာ လီဗာပူးကို ဆုဖလား စိန်ခေါ်မှုတွေထံ တစ်ကျော့ပြန် ပို့ပေးနိုင်မယ့်သူ တကယ် ဟုတ်ရဲ့လားလို့ သံသယစကားတွေ ပြောဆိုခဲ့ကြပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် အပါအဝင် ဖလား ၄ လုံး စိန်ခေါ်သူ အဖြစ်ကနေ ဇယားအလယ်ထိ ထိုးကျသွားပြီး ဥရောပဝင်ခွင့်တောင် ခက်ခဲသွားချိန်မှာ ကလော့ပ်ကို ရာထူးကနေ ထုတ်သင့်ပြီဆိုတဲ့ ဝေဖန်ချက်တွေဟာ လူမြင်မကောင်း သူမြင်မကောင်းအောင် ပေါပေါလောလော ထွက်ပေါ်လာခဲ့တယ်။
Liverpool 2.0 လာပြီလို့ ကြွေးကြော်မှုနဲ့အတူ ကလော့ပ် ကိုယ်တိုင်ကပဲ သူဟာ လီဗာပူးအသင်းကို နည်းမှန်လမ်းမှန် ဦးဆောင်နိုင်သူဖြစ်ကြောင်း သက်သေပြမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့တယ်။
ယာဂင်ကလော့ပ်ဟာ ကမ္ဘာအကောင်းဆုံး နည်းပြတစ်ယောက်ပါဆိုတာအတွက် အငြင်းအခုံ ဖြစ်ကြမယ်ဆိုရင်တောင် ဒီရာသီမှာနဲ့ အသင်း နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ သူ့ရဲ့ ရဲရင့်မှုကတော့ လက်ဖျားခါလောက်စရာ ဖြစ်ခဲ့ပါတယ်။
အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အဖြစ် အာဆင်နယ်ကို သွားရောက် ရင်ဆိုင်ရာမှာ ” ကျနော်တို့က လီဗာပူးဗျ၊ အင်ပြည့်အားပြည့်နဲ့ ဒီပွဲကို တိုက်ရမယ် ” လို့ ကြုံးဝါးခဲ့တဲ့ ကလော့ပ်ဟာ အကောင်းဆုံး အသင်းသားတွေနဲ့အတူ အကယ်ဒမီထွက် ကစားသမား ၁၀ ဦးထိ ခေါ်ယူသွားပါတယ်။
အမ်းမရိတ်လို အင်္ဂလန်ရဲ့ အကောင်းဆုံး ကွင်းတွေထဲက တစ်ကွင်းမှာ ပွဲပြီးခါနီး ၁၅ မိနစ် အလိုထိ ၀-၀ ရလဒ် ထွက်နေချိန် အသက် ၂၀ အရွယ် ဘရတ်ဒလေနဲ့ ၁၈ နှစ်သားလေး ဘော်ဘီကလက်ကို ထည့်ပြီး ပြိုင်ဘက်ကို အသာစီး ကစားပြခဲ့တယ်။
အဲ့လို လူစားလဲချိန်မှာ ပရိသတ်တိုင်းက အကောင်းမြင်တာတော့ မဟုတ်ပါဘူး။ ကလော့ပ်က အက်ဖ်အေဖလားကို တန်ဖိုးမထားဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး လူငယ် ၂ ဦးကို ပစ်ထည့်လိုက်တယ်ဆိုတဲ့ ဝေဖန်ချက်တွေက မနည်းခဲ့ပါဘူး။
ဒါပေမယ့်လို့ သွင်းဂိုး ၂ ဂိုးနဲ့ အာဆင်နယ်ကို နိုင်ပြီးနောက်မှာ ကလော့ပ် ပစ်ထည့်လိုက်တဲ့ လူငယ် ၂ ဦးဟာ ခပ်ချာချာတွေ မဟုတ်ဘူး၊ ကလော့ပ် လုပ်ခဲ့တဲ့ နည်းစနစ် အပြောင်းအလဲကပဲ အာဆင်နယ်ကို အနိုင်ရစေခဲ့တာဆိုတဲ့ ချီးကျူးသံတွေက ရှေ့ကို အရှိန်နဲ့ တိုးထွက်လာခဲ့ပါတယ်။
ဒီရာသီမှာ ကလော့ပ်ဟာ လီဗာပူးနည်းပြဘဝ ၉ နှစ်အတွင်း အရဲတင်းဆုံးလို့ ပြောရမယ့် ဆုံးဖြတ်ချက်တွေ လုပ်ပြခဲ့ပြီးပါပြီ။ ရာသီအစမှာတင် ချယ်ဆီးနဲ့ သရေကျနေစဉ်အတွင်း ဆာလာကို ထုတ်ပြီး ၁၇ နှစ်သားလေး ဗန်ဒုတ်ကို လူစားဝင်စေခဲ့တယ်။
နယူးကာဆယ်ကို ၁-၀ ရှုံးနေလို့ ဗန်ဒိုက်ပါ ထုတ်ခံထားရတဲ့ပွဲမှာလည်း ကွမ်းဆက်ကို ယုံယုံကြည်ကြည် လူစားဝင်စေပြီး စီနီယာပွဲထွက်ခွင့် ပေးခဲ့တယ်။ နောက်ထပ် လူစားဝင် ကစားသမား ဒါဝင်က သွင်းဂိုး ၂ ဂိုး သွင်းယူလို့ လီဗာပူး အနိုင်ရခဲ့ပါတယ်။
လူတိုင်းက ခံစစ်ဝယ်ပါ၊ ခံစစ်မှူးသစ်ဝယ်ပါ တောင်းဆိုနေကြချိန် ကလော့ပ်က အသက် ၂၀ အရွယ် ပရီးမီးယားလိဂ် အတွေ့အကြုံမရှိ အကယ်ဒမီ ခံစစ်မှူး ကွမ်းဆက်ကို ရသလောက် ပွဲကစားခွင့်တွေ ပေးခဲ့တာဟာ အာဆင်နယ်ကို အက်ဖ်အေကနေ ဖြုတ်ချခဲ့တဲ့ ပွဲအထိပါပဲ။
ကိုင်ဆီဒိုကို သန်း ၁၀၀ ပေးတောင် မရခဲ့လို့ အန်ဒိုကို မရှိသုံးအဖြစ် ခေါ်ယူခဲ့တာလို့ လူတိုင်းက ဟားတိုက်ပေမယ့် ဂျပန်သားဟာ လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်သမားအဖြစ် လူတိုင်း အထင်ကြီးရတဲ့ထိ တောက်ပလာခဲ့တယ်။
ကလော့ပ်ဟာ အသင်းပိုင်ရှင်ကို ငွေထုတ်ပေးရေး ဖိအားပေးဖို့ထက် သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ရနိုင်တဲ့ အရင်းအမြစ်တွေကနေ အကောင်းဆုံး တိုးတက်လာအောင် လုပ်ဖို့ အားသန်သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ FSG က ကလော့ပ်ကို အရခေါ်ခဲ့သလို စာချုပ်သစ်တွေ ထပ်ထပ် ပေးနေရတာပါပဲ။
လိုအပ်လာရင် ကလော့ပ်လည်း ငွေသုံးပေမယ့် သူက သူ့ကစားသမားတွေကို ယုံတယ်၊ သူ့နည်းပြအဖွဲ့တွေကို ယုံကြည်သူ ဖြစ်ပါတယ်။ လိုအပ်မယ်လို့ သူထင်ရင် အန်ဖီးကွင်းက ပရိသတ်တွေကိုတောင် နည်းနည်းပိုလုပ်ပြပါဦးလို့ တောင်းဆိုဖို့ ဝန်လေးတတ်သူ မဟုတ်ပါဘူး။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လီဗာပူးအသင်းဟာ ပွဲပေါင်းများစွာကို နောက်က လိုက်ကစားပြီး အနိုင်ယူပြထားခဲ့တယ်။ ဒီနိုင်ပွဲတွေမှာ ကလော့ပ်ရဲ့ လူစားလဲမှု မှန်ကန်ခဲ့တဲ့၊ ဆရာကျခဲ့တဲ့ ပွဲတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့်လို့ လူတန်တောင်၊ ယူနိုက်တက်တို့ကို သရေကျတဲ့ ပွဲတွေလို လိုအပ်ချက်ရှိတဲ့ ပွဲမျိုးတွေလည်း ရှိခဲ့ပါတယ်။
စိတ်ဓါတ်မာကျောပြီး ခြေစွမ်းပိုင်း လိုအပ်ချက်ရှိနေသေးတဲ့ လီဗာပူးအသင်း ဒီရာသီမှာ ဘယ်လောက်ထိ ဝေးဝေးရောက်မလဲ မှန်းဆဖို့ရာ ခက်ခဲပါတယ်။ ဆာလာ မရှိတဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေကို အကောင်းဆုံး ကျော်ဖြတ်ပြရဦးမှာပါ။
သေချာတာကတော့ ကလော့ပ်ဟာ မနှစ်ကလို အလွယ်တကူ လဲပြိုပြီး အရှုံးတွေမှာ ပျော်မွေ့နေတဲ့ အသင်းမျိုး ထပ်အဖြစ်ခံမှာ မဟုတ်ပါဘူး။
ဘောလုံးလောကမှာ အပြင်းစား ဟယ်ဗီးမယ်တဲလ်အဖြစ် တင်စားရတဲ့ gegenpressing ရဲ့ ဖခင်ကြီး ကြမ်းပြီဆိုရင် ဘယ်လို ကြမ်းတယ်ဆိုတာကို ဘောလုံးပရိသတ်တွေ သတိပြန်ရဖို့ Liverpool 2.0 နဲ့အတူ ကလော့ပ် အားထုတ်လာနေပြီပဲ ဖြစ်ပါတယ်။