ထရန့်ဟာ ဒူးဒဏ်ရာကြောင့် ဖူလ်ဟမ်နဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို လွဲချော်သွားမှာ ဖြစ်သလို သီတင်းပတ် အနည်းငယ် အနားယူရပါတော့မယ်။
အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရတဲ့ အက်ဖ်အေဖလား ပွဲစဉ်အပြီး ထရန့်ရဲ့ ဒဏ်ရာ ပေါ်ပေါက်လာတာပါ။ သူဟာ ကာရာဘောင်း ၂ ကျော့နဲ့ ဘုန်းမောက်ပွဲတွေကို လွဲချော်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ ချယ်ဆီးနဲ့ပွဲမှာ အနီးစပ်ဆုံး ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။
လက်ထောက်နည်းပြ ပပ်လင်ဒါးကတော့ ထရန့်ရဲ့ ဒူးနားက အရွတ် အနည်းငယ် စုတ်ပြဲသွားတာလို့ ပြောလာပြီး ဒဏ်ရာကို စကန်ဖတ်ထားတယ်လို့ သိရပါတယ်။ သူ့လို ဖန်တီးမှုကောင်းတဲ့ ကစားသမားကို ဆုံးရှုံးရခြင်းအား နစ်နာမှုလို့ လင်ဒါးက မှတ်ချက်ပေးပါတယ်။
ထရန့်နေရာမှာ ကော်နာ ဘရတ်ဒလေနဲ့ တိုက်ရိုက် အစားထိုးမှာဖြစ်ပြီး ဂိုးမက်စ်ကတော့ ဘယ်ခြမ်းမှာ ဆက်ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ဘရတ်ဒလေ လူစားဝင်လာပြီး အကောင်းဆုံး ကစားပြထားပါတယ်။
သတင်းကောင်းကတော့ ဗန်ဒိုက် ပြန်သက်သာလာနေပြီး မနက်ဖြန် လေ့ကျင့်ရေး ပြန်ဝင်ပါမယ်။ ဆိုဘိုလည်း လေ့ကျင့်ရေး ပြန်စနေပါတယ်။ သူကတော့ ဖူလ်ဟမ်ပွဲမှာ ပါဦးမှာ မဟုတ်ပါဘူး။
ခွဲစိတ်ထားတာ ၃ လပြည့်တော့မယ့် ရိုဘိုကို ဆရာဝန်နဲ့ ပြန်စစ်ဆေးပြီး အကုန်အဆင်ပြေရင် ဒီလအကုန်မှာ ကိုစတက်နဲ့အတူ အသင်းလေ့ကျင့်ရေးထဲ ပြန်ဝင်လာမယ်လို့ သိရပါတယ်။