သီယေဂိုတို့ ပြန်ကစားနိုင်မယ့် အချိန်၊ ဇန်နဝါရီ လူသစ်ခေါ်ယူရေး လင်ဒါးရဲ့ မှတ်ချက်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီဇင်ဘာလတည်းက လီဗာပူးအသင်း လေ့ကျင့်ရေးထံ ပြန်ဝင်နေကြပြီဖြစ်တဲ့ သီယေဂိုနဲ့ ဘာ့ဂျ်ဆီတစ်တို့ဟာ ဖေဖော်ဝါရီလမှာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။

ဖူလ်ဟမ်နဲ့ ကာရာဘောင်းပွဲမှာ ထရန့်၊ ဆိုဘိုစလိုင်တို့ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ဗန်ဒိုက်ကတော့ ပွဲထွက်ပေးလို့ အဆင်ပြေပါလိမ့်မယ်။

ထရန့်ဟာ ဖူလ်ဟမ်နဲ့ ကာရာဘောင်းပွဲစဉ် ၂ ကျော့အပြင် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ၊ နော်ဝစ်ချ် (သို့) ဘရစ်စတိုရိုဗားစ် အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။

ဒီနွေမှာ ဆော်ဒီလိဂ်ထံ ဆာလာပြောင်းရွှေ့ဖို့ အခွင့်အရေးဟာ အင်မတန်ကို နည်းပါးပါတယ်လို့ အသင်း သတင်းထောက် David Lynch က ဆိုပါတယ်။

အသင်းပိုင်ရှင်တွေဟာ နွေတုန်းက ကစားသမားသစ်တွေအတွက် အများကြီး ရင်းနှီးမြုပ်နှံပေးထားပြီး မှန်ကန်တဲ့ ကစားသမားတွေကို အင်အားဖြည့်ပေးခဲ့တယ်လို့ ပပ်လင်ဒါးက ပြောဆိုခြင်းဟာ ဇန်နဝါရီမှာ လူသစ် ခေါ်ယူဖို့ အခွင့်အရေး နည်းမယ်လို့ ဆိုလိုဟန် ရှိပါတယ်။

ဖလားပွဲတွေမှာ ဘရတ်ဒလေနဲ့ ဘော်ဘီကလက်တို့ ပွဲကစားခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘရတ်ဒလေဟာ ထရန့်မရှိတဲ့ ညာခြမ်းမှာ တိုက်ရိုက် အားဖြည့်ရမှာပါ။

အာဆင်နယ်ပွဲမှာ ဒူးနာသွားတဲ့ကြားက ခံစစ်ပြင်နေရတဲ့ အသင်းအတွက် ဆက်ကစားသွားတဲ့ ထရန့်ရဲ့ ဗီဒီယို ပျံ့နှံ့နေပြီး အသင်းခေါင်းဆောင် ပီသတဲ့ စိတ်ဓါတ်ရှိသူအဖြစ် ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

လီဗာပူးအသင်းဟာ ပဲလေစ့် ကစားသမား အိုလီဆီရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး လာမယ့် နွေမှာ ခေါ်ယူနိုင်မယ့် အခြေအနေကို လေ့လာခဲ့ပါတယ်။ အကောင်းမြင်စရာ စကားပြောမှု ရှိခဲ့သလို ကစားသမားရဲ့ ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူခွင့်ပါတဲ့ စာချုပ် အခြေအနေကို တီးခေါက်ကြည့်ခဲ့တာလို့ သိရပါတယ်။

အမ်းမရိတ်ကွင်းမှာ လီဗာပူးနဲ့ အာဆင်နယ် ယှဉ်ပြိုင်တဲ့ပွဲအတွင်း အီဘူး ဒဏ်ရာရနေစဉ် အိုဒီဂတ်က ကွင်းထဲက ပရိသတ်တွေ အားပေးသံတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူ သွားတောင်းဆိုတာ အာဆင်နယ် ပရိသတ်တွေကို မဟုတ်ဘဲ လီဗာပူး ပရိသတ်တွေရှိနေတဲ့ အဝေးကွင်းဘက်ခြမ်းကို ဖြစ်ပါတယ်။