ဒီယက်စ်၊ ဟာဗေးနဲ့ ဘရတ်ဒလေ ညာခြမ်းအတွဲကို ပွဲထုတ်လာမယ့် ဖူလ်ဟမ်ပွဲကြို ဖြစ်နိုင်ဖွယ် လူစာရင်း

ကြာသပတေးမနက် မြန်မာစံတော်ချိန် ၂ နာရီခွဲမှာတော့ လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရပါမယ်။

လီဗာပူးအသင်းဟာ ဆာလာ၊ အန်ဒိုတို့ကို လက်ရွေးစင်တွေအတွက် လက်လွတ်ပေးထားရပြီး ထရန့်ကလည်း ဒဏ်ရာရသွားပါပြီ။ ရော်ဘတ်ဆန်၊ ကိုစတက်၊ သီယေဂိုတို့ ပြန်ကစားနိုင်ဖို့လည်း လကုန်ထိ စောင့်ရမှာမို့ လူငယ်တွေကို နေရာပေးဖို့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။

Team news

  • ဗန်ဒိုက် ပြန်ပါလာနိုင်ပါပြီ။ အဖျားကနေ သက်သာလာပြီဖြစ်ပါတယ်။
  • ဆိုဘိုစလိုင် အခြေအနေ ကောင်းမွန်ပေမယ့်လို့ ဒီပွဲ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။
  • ထရန့် ဒူးဒဏ်ရာကြောင့် ၃ ပတ်ဝန်းကျင် အနားယူရဖို့ ရှိပါတယ်။
  • ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ ဒီလအကုန်ပိုင်းမှာ ပြန်လေ့ကျင့်နိုင်ဖွယ် ရှိနေပါတယ်။
  • ဘာ့ဂျ်ဆီတစ်နဲ့ သီယေဂိုတို့လည်း ဒီလအကုန်မှာ အသင်းလိုက် လေ့ကျင့်ရေးအတွင်း ပြန်ပါလာနိုင်ပါမယ်။

Liverpool’s XI vs. Fulham

ဒီပွဲမှာတော့ ဂိုးသမား အပြောင်းအလဲ ပြုလုပ်မှာဖြစ်ပြီး ကလယ်ဟာ တာဝန်ယူသွားမှာပါ။ ခံစစ်မှာတော့ ကိုနတေးကို အနားပေးကာ ဗန်ဒိုက်နဲ့ အစားထိုးဖွယ် ရှိပါတယ်။ ညာခြမ်းကနေ ထရန့်အစား ဘရတ်ဒလေ ပါဝင်လာပါမယ်။

နည်းပြကလော့ပ်ဟာ အာဆင်နယ်ပွဲမှာ ဆာလာနေရာ အစားထိုးဖို့ ရှာဖွေပေမယ့် ပထမပိုင်းအတွင်း ဟာဗေး အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် သူ့ကို ကွင်းလယ် ပြန်ပို့ပြီး မာကာ၊ ဂရာဗင်ဘက်ချ်နဲ့ တွဲဘက်ပေးမယ်လို့ ယူဆရပါတယ်။

တိုက်စစ်မှာတော့ ဒီယက်စ်ကို ညာတောင်ပံပို့ပြီး ဂက်ပိုကို အထောင်ထားကာ ဒါဝင်နဲ့ တွဲပေးဖွယ် ရှိပါတယ်။ ဒါမှမဟုတ် ဒါဝင်ကို အနားပေးပြီး ဂျိုတာ အထောင်နဲ့ ဂက်ပိုကို ဘယ်ခြမ်းပို့တာမျိုးလည်း ရွေးချယ်လို့ ရပါတယ်။

ဒီပွဲပြီးရင် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ ရှိနေတာမို့ အသင်းဟာ စီနီယာ ကစားသမားတွေကို ပွဲချိန်တွေ လျော့ချပေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘော်ဘီကလက်တို့ လူစားဝင်လာနိုင်ပါတယ်။