အပြောင်းအရွှေ့ ကိစ္စနဲ့ပတ်သက်လို့ အရိပ်အမြွက် ပြောလာတဲ့ လီဗာပူး လက်ထောက်နည်းပြ ပပ်လင်ဒါး

ဒီနွေမှာ ကိုင်ဆီဒိုနဲ့ လာဗီယာတို့လို အဓိက ကွင်းလယ်ပစ်မှတ်တွေ မရပေမယ့် လီဗာပူးပိုင်ရှင်တွေဟာ နည်းပြအဖွဲ့ လိုအပ်နေတဲ့ နေရာအတွက် ကစားသမားသစ် ၄ ဦး ခေါ်ယူပေးထားခဲ့တယ်လို့ အသင်းလက်ထောက်နည်းပြ ပပ်လင်ဒါးက ထုတ်ပြောလာပါတယ်။

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲကြိုမှာ ပပ်လင်ဒါးကတော့ အသင်းပိုင်ရှင်တွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အကောင်းမြင်ကြောင်း ပြောဆိုခဲ့တယ်။ အထူးသဖြင့် လူငယ်ကစားသမား အများစု ရောက်လာခြင်းဟာ လီဗာပူး ပြန်လည် ဖွဲ့စည်းခြင်းကို အင်အားဖြစ်စေခဲ့ပါတယ်။

လင်ဒါးက “ ကောင်းမွန်တဲ့ အသင်းပိုင်ရှင်တွေ မရှိပါဘဲ မန်နေဂျာကောင်း ရှိလာမှာ မဟုတ်ပါဘူး။ ကျနော်တို့ အင်အားဖြည့်ဖို့ လိုအပ်တဲ့ နေရာတွေမှာ ပိုင်ရှင်တွေက ရင်းနှီးမြုပ်နှံမှု လုပ်ပေးပါတယ်။ အဲ့တာက ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

အရည်အချင်းရှိပြီး ထက်မြက်တဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူထားတယ်။ သူတို့တွေက မန်နေဂျာနဲ့ နည်းပြအဖွဲ့ကို ခွန်အားတွေဖြစ်စေပါတယ်။ ကစားသမားသစ်တွေနဲ့ အလုပ်တွဲလုပ်ရပြီး သူတို့ကို ကိုယ့်ရဲ့ အိုင်ဒီယာတွေ တဖန်ပြန် ရှင်းပြလို့ ရခဲ့ပါပြီ။

နွေမှာ ကျနော်တို့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားပါတယ်။ ဂက်ပိုကလည်း နွေမှ ခေါ်ယူမယ့် ကစားသမားဖြစ်ပြီး ဇန်နဝါရီတည်းက ရခဲ့တာပါ။ ခပ်စောစော ခေါ်နိုင်ခဲ့တာ သိပ်ကောင်းပါတယ်။ ကျနော်တို့ ကစားသမား ဘယ်လောက် ခေါ်ခဲ့လဲ ခင်ဗျားတို့လည်း တွေ့မှာပါ။ ” လို့ ဆိုပါတယ်။

ဒီနွေမှာ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ ဂရာဗင်ဘက်ချ်၊ အန်ဒိုတို့ကို လီဗာပူးအသင်း ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လို့ ကွင်းလယ်ခံစစ်နဲ့ ခံစစ်မှူး နေရာတွေဟာ အားမရစရာ နေရာတွေအဖြစ် မှတ်ယူခံနေရဆဲပါ။

မနှစ်ကရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာကပဲ ရပ်တည်နိုင်ခြင်းနဲ့အတူ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဆုကြေး ပေါင် သန်း ၁၀၀ လောက်ကို ဆုံးရှုံးထားတာမို့ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိထားပါတယ်။

လီဗာပူးအသင်း အသုံးစရိတ်အတွက် လင်ဒါးကပဲ “ ကျနော်တို့ သွားနေတဲ့ နည်းလမ်းမှာ ချန်ပီယံလိဂ် ဆုကြေးတွေကို မှီခိုနေရတာ မှန်ပါတယ်။ ဒါပေမယ့် ကိစ္စတွေကို ကောင်းကောင်း စီမံနိုင်နေတာမို့ ချန်ပီယံလိဂ်အပေါ် အရမ်းကြီး မှီခိုနေရတာမျိုး မဟုတ်ပါဘူး။

ချန်ပီယံလိဂ် ဆုကြေးမရရင် မသုံးဘူး၊ ရတော့လည်း သုံးလိုက်ပါတယ်။ တခါတလေတော့ ကစားသမားတွေ ထွက်ခွာသွားတာနဲ့အတူ ကိုယ်ဘာမှ မလုပ်ပါဘဲ လုပ်ခပိုင်း ကိစ္စတွေ ကွဲပြားသွားတာမျိုးလည်း ရှိပါတယ်။

ကိစ္စတွေက လူတွေ မြင်ကြတာထက် ပိုရှုပ်ထွေးပါတယ်။ ချန်ပီယံလိဂ် ဆုကြေးတွေက အတော်လေး အရေးပါပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။

ဇန်နဝါရီမှာ လီဗာပူးအသင်း လူသစ် ခေါ်ယူဖို့ အခွင့်အရေး နည်းပါးပါတယ်။ ကလပ်ရဲ့ နောက်ထပ် ကစားသမားသစ် လက်မှတ်ထိုးမှုဟာ ခံစစ်မှူး၊ ကွင်းလယ်နဲ့ အရန် ဂိုးသမား တစ်ဦးတို့ ဖြစ်လာနိုင်ပြီး အပြောင်းအရွှေ့ သတင်းတွေကတော့ အများကြီး ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။