မုန်းသူတွေ ဆက်မုန်းပြီး ချစ်သူတွေ ဆက်ချစ်နိုင်ဆဲ ဒါဝင်၊ ဖယ်ထုတ်မရတဲ့ ကာတစ်ဂျုံး၊ ဆရာကျဆဲ ကလော့ပ်ရဲ့ လူစားလဲမှုများနဲ့ ဖူလ်ဟမ်ပွဲအပြီး ပြောစရာများ

ပထမပိုင်း အင်အားကုန်ခမ်းခြင်း

ပထမပိုင်း ၄၅ မိနစ်မှာ လီဗာပူးအသင်းဟာ ဖူလ်ဟမ်ကို ကျော်ဖြတ်ကစားဖို့ကော ကျော်ပြေးဖို့တွေမှာပါ ရုန်းကန်ခဲ့ရပါတယ်။ တကယ်တမ်းမှာတော့ ဖူလ်ဟမ်ဘက်က ခက်ခက်ခဲခဲ ကာကွယ်စရာ မလိုလောက်အောင်ကို လီဗာပူးအသင်းရဲ့ ကစားဟန်က ပျော့ဖတ်နေခဲ့တာပါ။

အဓိက ကစားသမား အချို့ မပါနိုင်ခြင်းနဲ့ နေရာချပုံ အပြောင်းအလဲတွေကြားမှာ အသင်းဟာ ပြိုင်ဘက်တွေကို ဘယ်လို ကျော်ဖြတ်ရမလဲ နည်းလမ်း ရှာဖွေနိုင်ခြင်း မရှိပါဘူး။ ဆာလာနဲ့ ထရန့်လို ဖန်တီးမှုကောင်းတဲ့ ကစားသမားတွေ မပါနိုင်ခြင်းရဲ့ အကျိုးဆက်ကို ပထမပိုင်းမှာ မြင်ခဲ့ရပါတယ်။

စိတ်ပူစရာကတော့ လာမယ့်အပတ်တွေမှာလည်း ဒီအခြေအနေမျိုး ရင်ဆိုင်ရဦးမှာပါ။ အသင်းတိုက်စစ်ဟာ ပိုမြန်မြန် ပြေးနိုင်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ဒီပွဲလိုပဲ ဒုတိယပိုင်း လူစားဝင်လာတဲ့ ကစားသမားတွေရဲ့ အင်အားမျိုး လိုပါတယ်။

ကလော့ပ်ရဲ့ လူစားလဲမှုတွေ အလုပ်ဖြစ်ခြင်း

ဒီရာသီမှာ နည်းပြကလော့ပ်ရဲ့ ပွဲဖတ်နိုင်စွမ်းဟာ အသင်းရဲ့ ရလဒ်တွေကို အများကြီး သက်ရောက်မှု ရှိထားပါတယ်။ ဖူလ်ဟမ်ပွဲမှာလည်း ကလော့ပ်ရဲ့ လူစားလဲမှုတွေက နိုင်ပွဲအတွက် အဓိက ကျခဲ့တာပါ။

ဒါဝင်နဲ့ ဂက်ပိုတို့ ကွင်းထဲ ရောက်လာချိန်မှာ လီဗာပူးရဲ့ ထိုးဖောက်မှုတွေက ပိုပြီး အင်အားပါလာခဲ့ပါတယ်။ အထူးသဖြင့် ဒါဝင်ရဲ့ အသောမသတ်နိုင်တဲ့ ပြေးနှုန်းတွေဟာ လီဗာပူးရဲ့ ကစားဟန်အတွက် အတော်လေး အကျိုးဖြစ်ပါတယ်။ စိတ်မကောင်းတာကတော့ ဒါဝင်ရဲ့ အဆုံးသတ်ပိုင်းက ကံခေလွန်းပါတယ်။

ကလော့ပ်ရဲ့ ဒုတိယပိုင်း ၄-၂-၃-၁ ကစားကွက်နဲ့ လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်း ကစားဟန် အတော်လေး ကောင်းမွန်ပါတယ်။ အတွင်းပိုင်းကနေ ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ ပူးတွဲပြီး ကစားကွက် တည်ဆောက်ပေးနိုင်စွမ်းကလည်း ကောင်းမွန်တာမို့ ဖူလ်ဟမ်အသင်းဟာ လီဗာပူးကို ကြာကြာ တောင့်ခံနိုင်စွမ်း မရှိပါဘူး။

နံပါတ် ၈ နေရာမှာ ကောင်းလွန်းနေတဲ့ ဂျုံး

ဂျုံးအကြောင်း စကားတွေပြောနေရတာ အတော်များနေပါပြီ။ လီဗာပူးရဲ့ ဖိအားပေး ကစားဟန်ဟာ အသွင်ပြောင်းလာခဲ့ပြီး ပိုရင့်ကျက်တဲ့ပုံစံ ရှိလာပေမယ့် အခြေခံအားဖြင့်တော့ ပြိုင်ဘက်ကို ဘောလုံးကြာကြာ ပေးမကိုင်ဘဲ အမြန်ဆုံး ဖိအားပေး ဘောလုံးလုယူဖို့ဆိုတာမျိုး ဆက်ရှိနေဆဲပါ။

ကာတစ်ဂျုံးဟာ လီဗာပူးကွင်းလယ်အတွက် အမြဲတမ်း အဆင်သင့်ရှိနေပါတယ်။ ဂရာဗင်ဘက်ချ် ခြေစွမ်းမပြနိုင်သလို မက်ကယ်လစ္စတာထံက အကောင်းဆုံးတွေ မြင်ရဖို့ ခက်ခဲနေချိန် ကွင်းလယ်မှာ ဂျုံးကတော့ ရှိသမျှ အလုပ်အကုန် သူလုပ်ပေးဖို့ ဆုံးဖြတ်ထားသလိုပါပဲ။

ဂျုံးနဲ့ပတ်သက်ပြီး ကျေနပ်ဖို့ကောင်းတာ ပွဲရဲ့ အကောင်းဆုံး ခြေစွမ်းကြောင့်တင် မဟုတ်ဘဲ သူ့ရဲ့ ခံစစ်ပိုင်း ကူညီနိုင်စွမ်း တိုးတက်လာခြင်းလည်း ပါပါတယ်။ ဒီပွဲမှာ သူ နည်းနည်းတော့ ထိခိုက်မှုရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာ မဟုတ်ဖို့ မျှော်လင့်ပါတယ်။

နာလန်ထစ ဗန်ဒိုက်

ကစားသမားတစ်ယောက် ခြေစွမ်းသိပ်မကောင်းတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပါ။ ဒါပေမယ့် ဗန်ဒိုက်ဆိုရင်တော့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာ့အဆင့် ကစားသမား လီဗာပူးခံစစ်ရဲ့ အမာခံနဲ့ အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်နေလို့ပါပဲ။

ဖူလ်ဟမ်ပွဲမှာတော့ အဖျားက သက်သာလာစ ဗန်ဒိုက်ကို ကလော့ပ်က ထုတ်သုံးခဲ့ပြီး သူ တော်တော်လေး ရုန်းခဲ့ရပါတယ်။ အဖွင့်ဂိုးဟာ ဗန်ဒိုက်ရဲ့ အမှားကြောင့်ဖြစ်ပြီး ဒီပွဲမှာ ဗန်ဒိုက်ထံက အရှိန်ကောင်းတွေ ပျောက်ဆုံးနေတာမျိုး မြင်ခဲ့ရတယ်။ နောက်ပွဲတွေတော့ ဒီခြေစွမ်းမျိုး ထပ်မမြင်ရရင် ကောင်းပါလိမ့်မယ်။

မုန်းသူတွေ ဆက်မုန်းပြီး ချစ်သူတွေ ဆက်ချစ်နိုင်ဆဲ ဒါဝင်

ဒီပွဲမှာ ဒါဝင်ရဲ့ သက်ရောက်မှုက ကြီးမားပါတယ်။ အရန်ခုံကနေ ထလာပြီး ပြိုင်ဘက် ခံစစ်ကို ခြိမ်းခြောက်ခဲ့တဲ့ သူ့ရဲ့ လှုပ်ရှားမှု မပါဘဲ ဒီပွဲကို လီဗာပူးအသင်း မနိုင်နိုင်ပါဘူး။ ဒါဝင်ဟာ တိုက်စစ်မှူး တစ်ဦးအဖြစ်ကော အသင်းလိုက် ကစားသမားအဖြစ်ပါ သူကစားပေးရမယ့် တာဝန်ကို ကျေအောင် လုပ်ပြနိုင်ပါတယ်။

လီနို မကောင်းခဲ့ရင် ဟက်ထရစ်ရနိုင်လောက်ပေမယ့် အဆုံးသတ်ချက်တိုင်း ဂိုးသမားထံပဲ ရောက်သွားတာမျိုးက အံ့ဩစရာပါပဲ။ ဒါဝင် ဂိုးမရတာဟာ သူမကြိုးစားလို့ မဟုတ်ဘဲ သူ့ရဲ့ အဆုံးသတ်ပိုင်း မပါနပ်မှု၊ ကံခေမှုတွေကြောင့်ပဲဖြစ်ပါတယ်။

ကာရာဘောင်း ရေပန်းစားအသင်း

ပထမအကျော့မှာ ချယ်ဆီးက ဘိုရိုကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီး လီဗာပူးက ဖူလ်ဟမ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။ ဒုတိယပိုင်းရလဒ်တွေ စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် ချယ်ဆီးတို့ တက်လာရင်တောင် ဖိုင်နယ်မှာ အနိုင်ရမယ့် အသင်းက လီဗာပူးလို့ ရေပန်းစားနေပါပြီ။