လီဗာပူးအသင်းဟာ ဝီလီယမ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့်လို့ ကာတစ်ဂျုံး၊ ဂက်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဖူလ်ဟမ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ယာဂင်ကလော့ပ်ဟာ ရိုးသားစွာနဲ့ ကစားသမားတွေကို ဦးဆောင်ပေးသူဖြစ်ပြီး ဒါကြောင့်ပဲ သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အသင်းသားတွေက သူ့အတွက်ဆို အစွမ်းကုန် ပြေးလွှားပေးကြတယ်လို့ ဂျင်မီရက်နက်က မှတ်ချက်ပေးပါတယ်။
ပွဲအတွင်းမှာ နည်းပြကလော့ပ်က အရန်ခုံက ဘယ်အစွန်လူ အိုဝင်ဘက်ကို ပွဲအကြောင်း သွားရောက် ရှင်းပြနေတဲ့ ဗီဒီယိုဟာ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ ကလော့ပ်က လူငယ်တွေကို တွဲထုတ်လာပေမယ့် ဒီပွဲမှာ ပွဲထွက်ခွင့်တော့ မပေးခဲ့ပါဘူး။
ဒီရာသီ လီဗာပူးရဲ့ အရန် ကစားသမားတွေဟာ သွင်းဂိုး ၃၀ သွင်းယူထားပါတယ်။ ဒါဟာ အခြားသော ပရီးမီးယားလိဂ် ကလပ် ဘယ်အသင်းထက်မဆို ၁၂ ဂိုး ပိုများပါတယ်။
ကာတစ်ဂျုံးက သူဟာ အခုလို ခြေစွမ်းပြနိုင်မယ်လို့ အရင်ကတည်းက ယုံကြည်ထားပြီး ပွဲကစားချိန်လေးရဖို့ လိုအပ်နေတာပါလို့ ပွဲအပြီး ပြောဆိုပါတယ်။ ကလော့ပ်ကတော့ ရယ်မောခဲ့ပြီး အရင်ကတည်းက ပွဲချိန်တွေ မပေးမိတာ စောရီးပါလို့ စနောက်သွားပါတယ်။
ပွဲအတွင်း ပြိုင်ဘက် ကစားသမားရဲ့ အကန်ခံခဲ့ရတဲ့ ကာတစ်ဂျုံးဟာ အသေးစား ဒဏ်ရာမျိုး ရခဲ့ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။
ကာရာဘောင်း ဆီမီးဖိုင်နယ် ပထမအကျော့မှာ အသင်းပရိသတ်တွေကတော့ ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဘရတ်ဒလေကို ရွေးချယ်ခဲ့ကြပါတယ်။
လူစားဝင်လာပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ပေးသွားတဲ့ ဒါဝင်ဟာ ဒီရာသီ လီဗာပူးအသင်းမှာ ဂိုးထောက်ပံ့မှု အများဆုံး (၁၀ ကြိမ်) ကစားသမား ဖြစ်လာပါတယ်။
Darwin Nunez has more assists than any other Liverpool player this season 🔥 pic.twitter.com/fX2zWhTKe8
— Anfield Edition (@AnfieldEdition) January 10, 2024
ဒါဝင်နူးညက်စ်ရဲ့ အဆုံးသတ်ပိုင်း ကံဆိုးမှု အခြေအနေတွေကို သူလည်း နားမလည်နိုင်တော့ဘူးလို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။ ဒါပေမယ့်လို့ ပရိသတ်တွေက ဒီအခြေအနေကို လက်ခံပေးမှုနဲ့ ဒါဝင်ရဲ့ ဆက်လက် အားထုတ်နေမှုကို ကျေနပ်မိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
လီဗာပူးကွင်းလယ်လူ ဆိုဘိုစလိုင်ဟာ ပြောသလောက်လည်း မကောင်းပါဘူးလို့ ရီယို ဖာဒီနန်က ဝေဖန်သွားပါတယ်။