ဖူလ်ဟမ်တစ်သင်းလုံး ထိန်းမရ သိမ်းမရဖြစ်ရသည်ထိ ခြေစွာခဲ့တဲ့ တိုက်စစ်မှူးအား ရက်နက် ချီးကျူး

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီ ရက်နက်ကတော့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပွဲအဖြေကို ပြောင်းလဲပေးခဲ့တဲ့ ဒါဝင် နူးညက်စ်ကို ချီးကျူး ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ ဒါဝင်ဟာ ကိုယ်တိုင် ဂိုးမရပေမယ့် အသင်းဖော်တွေ သွင်းယူတဲ့ ၂ ဂိုးလုံးကို ဖန်တီးပေးခဲ့တာပါ။ ဒီရာသီ လီဗာပူးပွဲတွေမှာ နည်းပြကလော့ပ်ဟာ ဒါဝင်ရဲ့ တိုးအားနဲ့ ပွဲအဖြေ ပြောင်းလဲစေဖို့ လုပ်ဆောင်နေပြီး နယူးကာဆယ်နဲ့ အဝေးကွင်းပွဲက ထင်ရှားပါတယ်။

၃၄ မိနစ်စာ ဝင်ကစားခဲ့တဲ့ ဒါဝင်ဟာ ပြိုင်ဘက် ဧရိယာထဲ ဘောလုံး ၁၂ ကြိမ် ထိခဲ့သလို ကိုယ်တိုင်လည်း ၄ ကြိမ် ကန်သွင်းခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။

သူ့ရဲ့ ခြေစွမ်းအတွက် ရက်နက်ကပဲ ‘ ဒါဝင် နူးညက်စ်ဟာ လူစားဝင်လာပြီး လီဗာပူးအသင်းကို တွန်းအားတွေ ပေးခဲ့ပါတယ်။ ဆာလာ၊ ဆိုဘိုစလိုင်၊ ထရန့်တို့ မပါတဲ့ လီဗာပူးအသင်းဟာ ဖန်တီးမှုတွေ ပျောက်ဆုံးနေခဲ့တာပါ။ ဒါဝင်က လီဗာပူးအတွက် ခြားနားမှုတွေ လုပ်ပေးခဲ့ပါတယ်။

ဒါဝင်က လီဗာပူးကို အင်အားတွေပေးခဲ့တယ်။ တောင်ပံမှာ ပြေးလွှားပြီး နေရာကောင်းတွေထဲ ရောက်အောင် ဝင်ပေးခဲ့တယ်။ လီဗာပူးအတွက်က အဲ့လို လုပ်ပေးမယ့်သူ လိုနေတာပါ။ ဒါဝင်ဟာ ဖူလ်ဟမ် ခံစစ်မှူးတွေကို ပြဿနာတွေ ပေးခဲ့ပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကလည်း သိပ်ကောင်းပါတယ်။

ဒုတိယဂိုးမှာ ဒါဝင် ဘယ်လို ပြေးလွှားခဲ့လဲ မြင်ကြပါလိမ့်မယ်။ ဘောလုံး အရင်ဆုံး မရလိုက်တာကို စိတ်ပျက်နေပေမယ့် တောင်ပံတွေမှာ သူထပ်ပြီး ကြိုးစားခဲ့တယ်။ သူက ပထမထိချက်နဲ့ ဘောလုံးရအောင် ထိန်းယူပြီး ဂက်ပိုအတွက် ပြန်ထိုးပေးခဲ့ပါတယ် ‘ လို့ ချီးကျူးခဲ့ပါတယ်။

ဒုတိယအကျော့ကိုတော့ ဖူလ်ဟမ်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီတလော ဆာလာ မပါဝင်တဲ့ တိုက်စစ်ကို ဂျိုတာ၊ ဒီယက်စ်တို့နဲ့တူ ဒါဝင်က ဦးဆောင်ပေးရမှာ ဖြစ်ပါတယ်။