ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြက ဂွာဒီယိုလာ မဟုတ်တဲ့ အကြောင်းရင်ကို ဥက္ကဋ္ဌဟောင်း သုံးသပ်ပြလာ

မနှစ်ကရာသီ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာပဲ ရှိနေခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာကို လီဗာပူးအသင်း ပြန်ရောက်ရှိအောင် စွမ်းဆောင်ပြနေတဲ့ ယာဂင်ကလော့ပ်ကို ပဲလေစ့်အသင်း ဥက္ကဋ္ဌဟောင်းက ထုတ်ဖော် ချီးကျူးမှု ပြုလုပ်လာပါတယ်။

ဂျော်ဒန်ကတော့ ကလော့ပ်ဟာ သူ့အတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး မန်နေဂျာဖြစ်ပြီး မန်စီးတီးမှာ ဂွာဒီယိုလာ ရနေတဲ့ အထောက်အပံ့မျိုး လီဗာပူးအသင်းမှာ ရခဲ့ရင် တူညီတဲ့ အောင်မြင်မှုတွေ ရယူပြနိုင်မယ့်သူလို့ ညွှန်းဆိုပါတယ်။

ကလော့ပ်ဟာ ပရီးမီးယားလိဂ်မှာ အသာတင် အသုံးစရိတ် အနည်းဆုံး ထိပ်သီးကလပ်ကို တာဝန်ယူပြီး ပရီးမီးယားလိဂ် ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အောင်မြင်ခဲ့သူပါ။ သူဟာ ပရီးမီးယားလိဂ်ကို ၁ မှတ်အကွာကနေ ၂ ကြိမ် စွန့်လွှတ်ခဲ့ရသလို ချန်ပီယံလိဂ်ဖိုင်နယ်ကို ၃ ကြိမ် တက်ရောက်ပြခဲ့ပါတယ်။

ဂျော်ဒန်က “ ကျနော်အတွက်တော့ လီဗာပူးအသင်းက မန်နေဂျာကောင်း တစ်ဦးကို ပိုင်ဆိုင်ထားတာပဲ။ သူက ကမ္ဘာအကောင်းဆုံး အဖြစ် နီးစပ်မှု မရှိရင်တောင် အကောင်းဆုံးမန်နေဂျာ တစ်ဦးပါ။ ဒီလိုပြောရင် ပက်ရဲ့ အချက်အလက်တွေ လာထုတ်ပြကြမယ်ဆိုတာကို ကျနော် နားလည်ပါတယ် ” လို့ ပြောပါတယ်။

ယာဂင်ကလော့ပ်က ဂွာဒီယိုလာထက် ပိုကောင်းတဲ့ မန်နေဂျာအဖြစ် မြင်ထားတာလားလို့ မေးခံရချိန်မှာ ဂျော်ဒန်ကပဲ “ ဂွာဒီယိုလာ သုံးနိုင်သလောက် ရင်းမြစ်မျိုးရခဲ့ရင် ကလော့ပ်ကလည်း တူညီတဲ့ အောင်မြင်မှုမျိုး ရခဲ့မှာပါ ” လို့ တုန့်ပြန်ပါတယ်။

ဂွာဒီယိုလာဟာ သူကိုယ်တွယ်တဲ့ အသင်းတွေနဲ့အတူ ပိုင်ဆိုင်မှုပိုင်း အသားပေးသလို နည်းစနစ်ပိုင်း ပိုအလေးပေးတဲ့ ကစားဟန်ကို တည်ဆောက်လေ့ရှိတာပါ။ ကလော့ပ်ကတော့ စိတ်ဓါတ်ပိုင်း ပြင်းထန်ပြီး ခပ်မြန်မြန် ခပ်သွက်သွက် ပေါက်ကွဲကစားတဲ့ ဖိအားပေးပုံစံကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဂျော်ဒန်ကတော့ “ အငြင်းပွားမှုတွေက ဘယ်ကစားဟန်ကို ပိုသဘောကျသလဲ အပေါ်မှာ မူတည်ပါတယ်။ ကျနော်ကတော့ မန်စီးတီးကစားဟန်ထက် လီဗာပူး ကစားဟန်ကို ပိုကြိုက်နှစ်သက်သူပါ။

အခြားအသင်းကို ဘောလုံးပေးမှုတွေဖြင့် ဖျက်ဆီးတာမျိုးထက် ပိုသွက်လက်စွာ ပေါက်ကွဲကစားတဲ့ ဘောလုံးကစားဟန်ကို နှစ်သက်ပါတယ်။ မန်စီးတီး ကစားဟန်က မျက်စိ ပသာဒဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ ပေါက်ကွဲမှုလို စိတ်လှုပ်ရှားဖို့ မကောင်းပါဘူး။ ဒါက ကျနော်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်ပါ။

ကလော့ပ်က ထူးချွန်တဲ့ နည်းပြပါ။ အမြဲတမ်း ကြိုးဝိုင်းထဲကို ပြန်ဝင်လာနိုင်စွမ်းရှိတယ်။ ကိစ္စတွေအပေါ် အမှန်မြင်နိုင်စွမ်းလည်း ရှိတယ်၊ ကိုယ့်ဘာသာလည်း အမြဲတမ်း နိမ့်ချထားတဲ့ မန်နေဂျာကောင်းဖြစ်ပါတယ် ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။