ဆော်ဒီကလပ် Al-Ittihad အသင်းက ဆာလာကို ခေါ်ယူနိုင်ရေး ပေါင် သန်း ၁၅၀ ဖြင့် ပြီးခဲ့တဲ့ နွေတုန်းက ကမ်းလှမ်းခဲ့တဲ့နောက် အီဂျစ်သားရဲ့ အနာဂတ်ဟာ ထိပ်တန်းသတင်းတစ်ခု ဖြစ်လာနေခဲ့ပါတယ်။
ဆာလာဟာ လီဗာပူးအသင်းနဲ့ စာချုပ် ၁၈ လပဲ ကျန်ရှိတော့တာဖြစ်ကာ ၂၀၂၅ နွေမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်ရထားတာပါ။ ဒါပေမယ့် ကစားသမားဟာ အသုံးစရိတ်ကြီးတွေဖြင့် သွေးသစ်လောင်းနေတဲ့ ဆော်ဒီလိဂ်ထံ ငွေကြေးအတွက် ပြောင်းဖို့ထက် အမြင့်ဆုံး ဆုဖလားတွေကို စိန်ခေါ်လိုနေဆဲ ဖြစ်ပါတယ်။
The Athletic သတင်းထောက် David Ornstein ကတော့ လီဗာပူးကို ဆာလာ စွန့်ခွာသွားဖွယ် မရှိဘူးလို့ အပြောင်းအရွှေ့ကိစ္စ မေးခံရမှုမှာ ထုတ်ဖော်ခဲ့တယ်။
“ ကျနော်ကို သတင်းပေးကြတာကတော့ ဆာလာဟာ လီဗာပူးနဲ့အတူ ဥရောပရဲ့ အမြင့်ဆုံး အဆင့်မှာ ဆက်လက် ယှဉ်ပြိုင်လိုစိတ် ရှိနေဆဲဖြစ်တယ်လို့ ပြောကြပါတယ် ” လို့ ၎င်းက ပြောပါတယ်။
လီဗာပူးအသင်းဟာ ဆာလာအပြင် ဗန်ဒိုက်နဲ့ ထရန့်ကိုပါ သက်တမ်းတိုးဖို့ စကားပြောဖွယ်ရှိနေပြီး သူတို့ ၃ ဦးလုံးဟာ ၂၀၂၅ ကျရင် စာချုပ်ကုန်မှာပါ။ လက်ရှိ ခြေစွမ်းတွေအရ သူတို့ကို လက်မှတ်ထိုးရေးကပဲ လီဗာပူးအတွက် ဦးစားပေး ဖြစ်ပါတယ်။
ဒီနွေမှာ အသက် ၃၂ နှစ်ပြည့်မယ့် ဆာလာဟာ ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားရာမှာ ကိုယ်တိုင် ၁၈ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၉ ကြိမ် လုပ်ထားပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှုအရ နောက်ထပ် ၃ နှစ်လောက် အမြင့်ဆုံး အဆင့်မှာ ဆက်ကစားနိုင်ဖွယ် ရှိနေပါသေးတယ်။
ဆာလာဟာ လီဗာပူးမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲ ရနေသူဖြစ်ပြီး အဲ့ပမာဏကို အသင်းဘက်က ပေးလိုဦးမလားကပဲ စာချုပ်သစ်ကိစ္စအပေါ် သက်ရောက်မှု ကြီးမားမှာ ဖြစ်ပါတယ်။