လီဗာပူးကို အမှီလိုက်ဖို့ ကြိုးစားနေပေမယ့် ဇန်နဝါရီမှာ အခက်တွေ့နေတဲ့ အာဆင်နယ်၊ နယူးကာဆယ်၊ ချယ်ဆီး

လီဗာပူးအသင်း အမှတ်ပေးဇယားကို ၃ မှတ်အသာဖြင့် ဦးဆောင်နေမှုကို အမှီလိုက်ဖို့ ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်တွေက ဇန်နဝါရီမှာ အင်အားဖြည့်လိုနေကြပေမယ့် အခက်တွေ့နေကြပါတယ်။

ဇန်နဝါရီဟာ နွေစျေးကွက်လိုတော့ ထိပ်တန်း ကစားသမားတွေကို ကာလရှည် စာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ မလွယ်ကူလှပါဘူး။ ကလပ်တွေဟာ သူတို့ရဲ့ အဓိက ကစားသမားတွေကို ရာသီဝက်မှာ လက်လွတ်ခံလိုစိတ် မရှိကြပါဘူး။

ဒါ့အပြင် အာဆင်နယ်၊ ချယ်ဆီးနဲ့ နယူးကာဆယ်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး ဟန်ချက်ညီမှုဆိုင်ရာ ထိန်းချုပ်မှုဖြစ်တဲ့ ‘ပရီးမီးယားလိဂ်၏ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းများ (PSR)’ ရဲ့ ကန့်သတ်မှုကြောင့် ငွေသုံးဖို့ရာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

နယူးကာဆယ်နည်းပြ အတ်ဒီဟောင်က သူတို့အသင်းဟာ ပေါင် သန်း ၅၀ တန် ကစားသမားကို အမြဲတမ်း စာချုပ်ဖြင့် ခေါ်ယူလို့ မရနိုင်ကြောင်း ဝန်ခံထားသလို ချယ်ဆီးနဲ့ အာဆင်နယ်တို့ဟာ နံပါတ် ၉ တိုက်စစ်မှူးအတွက် ငွေသုံးလို့မရ ဖြစ်နေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ကလပ်ရဲ့ တရားဝင် ရှင်းတမ်းတွေကို ဖေဖော်ဝါရီ အကုန်မှ ထုတ်ပြန်မှာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတုန်းက ရှင်းတမ်းတွေအရ ကလပ်ဟာ စည်းမျဉ်းတွေအောက်မှာ ရှိနေဆဲလို့ နားလည်ရပါတယ်။

နွေတုန်းကလည်း ကလပ်ဟာ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ အန်ဒို၊ ဂရာဗင်ဘက်ချ်တို့ကို ယူရို သန်း ၁၇၀ အကုန်အကျခံ ခေါ်ယူခဲ့ပေမယ့် ကစားသမား ရောင်းချမှုကနေ ယူရို သန်း ၆၀ ဝန်းကျင် ပြန်ရခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တွေအတွက် စိတ်ပူနေစရာ မလိုပေမယ့်လို့ FSG လက်အောက်မှာ အသုံးစရိတ်ကို ထိန်းချုပ်ထားတဲ့ လီဗာပူးကတော့ ဇန်နဝါရီမှာ လူမဝယ်သေးဘူးလို့ အသင်းသတင်းထောက်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိထားရတယ်။

လီဗာပူးအသင်းဟာ ဆာလာနဲ့ အန်ဒိုတို့ကို လက်ရွေးစင်အသင်းတွေထံ လက်လွတ်ထားရပြီး ဆိုဘိုစလိုင်နဲ့ ထရန့်တို့က အသေးစားဒဏ်ရာ ရှိနေကြပါတယ်။ ရော်ဘတ်ဆန်၊ ကိုစတက်၊ သီယေဂိုနဲ့ ဘာဂျ်ဆီးတစ်တို့ကတော့ နောက်လထဲ လေ့ကျင့်ရေးမှာ ပြန်ပါလာကြမှာပါ။

ကလပ်မှာ ဗဟိုခံစစ်မှူးနေရာ အားနည်းနေပေမယ့် ဒီရာသီမှာ ကလော့ပ်က ကွမ်းဆက်ကို နေရာပေးနေသလို ဂိုးမက်စ် ပြန်လည် တောက်ပလာမှုလည်း ရှိနေပါတယ်။ အကယ်လို့ ဇန်နဝါရီမှာ လူမခေါ်ရင်တောင်မှ နွေမှာတော့ ကွင်းလယ်ခံစစ်နဲ့ ခံစစ်မှူးနေရာတွေဟာ အသင်းရဲ့ ဦးစားပေး ပစ်မှတ်တွေ ဖြစ်လာနိုင်ပါတယ်။