အသင်းဖော် ခံစစ်မှူး မာတစ်ထံက သူရချင်မိတဲ့ ဘောလုံးစကေး တစ်ခုကို ဗန်ဒိုက် ဝန်ခံလာ

ဒီတလော France Football နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဗန်ဒိုက်က သူ့ရဲ့ ပြိုင်ဘက်တွေအကြောင်း အသင်းဖော်တွေအကြောင်း စုံစုံလင်လင် ဖြေဆိုမှု ပြုလုပ်ထားပါတယ်။

ယာဂင်ကလော့ပ်နဲ့ ဆက်ဆံရေးကိုလည်း ထည့်သွင်းဖြေဆိုရင်းမှာပဲ အသင်းဖော် မာတစ်ထံက သူအရမ်း နှစ်သက်ရတဲ့ အရည်အချင်းရှိတယ်လို့ ဗန်ဒိုက်က ဝန်ခံပါတယ်။ အဲ့တာကတော့ မာတစ်ရဲ့ တိုက်စစ်လိုက်ပါတဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။

မာတစ်ဟာ ခံစစ်မှူးတွေထဲမှာ ရှားပါတဲ့ ကျော်ဖြတ်ပြေးနိုင်စွမ်း ရှိသူဖြစ်ပြီး အဲ့အရည်အချင်းနဲ့ပဲ ခံစစ်ကနေ တိုက်စစ်လိုက်သွားကာ သွင်းဂိုးလည်း ရယူဖူးပါတယ်။

ဗန်ဒိုက်က ပြောရာမှာ ” မာတစ်ထံက ကျနော်လိုချင်မိတဲ့ အရည်အချင်း တစ်ခုကို ရွေးထုတ်ဖို့က မလွယ်ပါဘူး။ မာတစ်ရဲ့ ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး တိုက်စစ်လိုက်နိုင်တာမျိုးတော့ သဘောကျပါတယ်။ သူက ခံစစ်ကနေ ကျော်ဖြတ်သွားရတာမျိုးကို သိပ်ကြိုက်သူပါ။

သူက တိုက်စစ်ကို လိုက်သွားတယ်၊ လုံးဝလည်း မကြောက်ဘူး။ သူက ‘ငါဒီလို လုပ်လိုက်လို့ ဘောလုံးဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ?’ ဆိုတာမျိုး တွေဝေနေခြင်း မရှိဘူး။

အဲ့တာက မာတစ်ရဲ့ အရည်အချင်းကောင်းပါပဲ။ သူ့လိုမျိုး ကျနော်လည်း လုပ်နိုင်ချင်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီကုန်ရင် လီဗာပူးနဲ့ စာချုပ်ကုန်ပြီဖြစ်တဲ့ မာတစ်ဟာ လက်တလောမှာတော့ ACL ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရပြီဖြစ်ကာ ကလပ်က သက်တမ်း မတိုးခဲ့ဘူးဆိုရင်တော့ နွေမှာ အသင်းကနေ ထွက်ခွာမှာပဲ ဖြစ်ပါတယ်။