ဂျပန်နိုင်ပြီး အီဂျစ် သရေကျ၊ ကိုလံဘီယာ ခံစစ်မှူးကို ချိတ်ဆက်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေမှာ လီဗာပူးအသင်းရဲ့ ဖလားပြိုင်ဘက်တွေဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ စပါးတို့ဟာ သရေပွဲတွေ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းရဲ့ အနား ကပ်လာနိုင်ခွင့်တွေ ဆုံးရှုံးခဲ့ကြပါတယ်။

အီဂျစ်အသင်း အရေးနိမ့်နေတဲ့ ပွဲစဉ်အတွင်း အချိန်ပို နောက်ဆုံးမိနစ်မှာ ဆာလာက ပင်နယ်တီက တစ်ဆင့် ခြေပဂိုး သွင်းယူကာ ၂-၂ သရေဖြစ်ခဲ့ပါတယ်။

CIES က ထုတ်ပြန်တဲ့ လက်ရှိ စျေးကွက်တန်ကြေးမှာတော့ ဒါဝင် နူးညက်စ်ဟာ ယူရို ၁၁၈ သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ အာဂျင်တီးနားကလပ် CA Talleres အသင်းမှ ကိုလံဘီယာ လူငယ် ခံစစ်မှူး Kevin Mantilla ကို ချိတ်ဆက်မှု ပြုလုပ်ခဲ့ကြောင်း အတည်ပြုနိုင်ပါပြီ။

အာရှဖလားပြိုင်ပွဲအတွက် ဂျပန်အသင်း အဖွင့်ပွဲမှာ ကွင်းလယ်လူ အန်ဒိုဟာ ခြေစွမ်းပြ ကစားနိုင်ခဲ့သလို ဗီယက်နမ်အသင်းကို ၄-၂ ဖြင့် အနိုင်ရသွားပါတယ်။

လီဗာပူးအသင်းဟာ နယူးကာဆယ်ကွင်းလယ်လူ ဂွီးမာရက်စ်နဲ့ သတင်း ပြန်ထွက်နေပါတယ်။ ဘဏ္ဍာရေးပိုင်း ဟန်ချက်ညီဖို့ လိုအပ်နေတဲ့ နယူးကာဆယ်ဟာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား တစ်ဦးကို ရောင်းချဖို့ လိုအပ်နေပြီး အိုင်ဆက်၊ ဂွီးမာရက်စ်တို့ကို စျေးကောင်းဖြင့် ရောင်းချဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကတော့ FFP စည်းမျဉ်း ချိုးဖောက်ထားတဲ့ မည်သည့်ကလပ်ကို မဆို အရေးယူမယ့်အကြောင်း ထုတ်ဖော်လိုက်ပါတယ်။ ဒါပေမယ့်လို့ အခုချိန်ထိ မန်စီးတီးကို အရေးယူခြင်း မရှိသေးတာအတွက် လှောင်ပြောင်ခံနေရပါတယ်။

၂၀၁၆ တုန်းက ယူရိုပါလိဂ်ဖိုင်နယ်မျာ ဆီးဗီးလာကို အရေးနိမ့်ခဲ့စဉ် ကလော့ပ်က အသင်းသားတွေကို စိတ်မပျက်ဖို့ ပြောဆိုခဲ့သလို ကခုန်မှုတွေဖြင့် အသင်းသားတွေ စိတ်တက်ကြွလာအောင် ကူညီခဲ့တယ်လို့ ကိုလိုတိုရေးက ပြန်ပြောပြပါတယ်။