ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်ဆီးအသင်းထံ ရောက်ရှိသွားနိုင်တဲ့ ဘော်ဘီ ဖာမင်နို

ဆော်ဒီလိဂ်မှာ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး ဖာမင်နိုဟာ ပရီးမီးယားလိဂ်ထံ တစ်ကျော့ပြန်လာမယ် သတင်းကြီးနေခဲ့စဉ်မှာပဲ ချယ်ဆီးအသင်းနဲ့ပါ သတင်းတွေ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။

တယ်လီဂရပ်က ဖော်ပြရာမှာ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်ကြောင့် ပေါင် သန်း ၁၂၀ စျေးခေါ်ခံထားရတဲ့ အိုဆင်မန်ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ မရှိပါဘူး။ ဘရန့်ဖိုဒ့်မှ တိုနေးကိုလည်း ရာသီကုန်မှ ချိတ်ဆက်လို့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကာလတိုစာချုပ်ဖြင့် ဇန်နဝါရီမှာ ခေါ်ယူလို့ရမယ့် ကစားသမားတွေကို ရှာဖွေရာမှာ ဘန်ဇီမာနဲ့ ဖာမင်နိုတို့ကို ပစ်မှတ်ထားလာတာလို့ သတင်းထောက် Matt Law ရဲ့ ဖော်ပြချက်အရ သိရတယ်။

ဇန်နဝါရီလ အစမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ နယူးကာဆယ်ပွဲကို ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ တက်ရောက် ကြည့်ရှုခဲ့ပါသေးတယ်။ အဲ့တုန်းကပဲ အသင်းကို အမြဲတမ်း အားပေးနေကြောင်းနဲ့ ဆုဖလား အောင်မြင်စေဖို့ ဆုတောင်းပေးနေကြောင်း ဖာမင်နိုက ထုတ်ပြောခဲ့သေးတာပါ။

ဖာမင်နိုဟာ ဆော်ဒီကလပ် Al-Ahli အသင်းမှာ စတင် ကစားခဲ့စဉ် ဟက်ထရစ် သွင်းယူနိုင်ခြင်းနဲ့အတူ ခြေစွမ်းပြခဲ့သေးပေမယ့် ဒီနောက်ပိုင်း နယ်မြေသစ်မှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဖာမင်နိုကို ခေါ်ယူဖို့ ရှက်ဖီး၊ ဖူလ်ဟမ်အသင်းတို့ကလည်း စိတ်ဝင်စားကြောင်း ပြသပေမယ့်လို့ တိုးတက်တဲ့ အခြေအနေမျိုးတော့ မမြင်ရပါဘူး။ ဒီအခြေအနေမှာ ချယ်ဆီးဘက်က ဖာမင်နိုကို ခေါ်ယူလိုရိပ်တွေ ပြသလာတာပါ။

ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ဖာမင်နို အင်္ဂလန်လိဂ်ထံ ပြန်ရောက်လာမလား စောင့်ကြည့်ရမှာဖြစ်ပြီး ဘော်ဘီကို ပြိုင်ဘက်အဖြစ် ပြန်ပြီး မရင်ဆိုင်ရဖို့တော့ မျှော်လင့်တာ ဖြစ်ပါတယ်။