ဂွာဒီယိုလာဟာ မကြာခင် ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲကို ရင်ဆိုင်ရတော့မှာကို သိနားလည်ထားပြီး သူ့အသင်း ပုံစံကောင်း ပြန်ရလာခြင်းကို ပျော်ရွှင်နေပါတယ်။
အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ မန်စီးတီးတို့ အကျိတ်အနယ် ရှိလာနေပြီး နှစ်သင်းလုံးကလည်း ပုံစံကောင်းတွေ ဆက်တိုက် ပြနေပါပြီ။ လီဗာပူးအသင်းမှာ ထရန့်၊ ဆိုဘို အပါအဝင် ဒဏ်ရာရ ပြဿနာတွေ ရှိနေသေးပေမယ့် ဖေဖော်ဝါရီလမှာတော့ အဓိက ကစားသမား အားလုံး စုံလင်လာတော့မှာပါ။
နယူးကာဆယ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲအပြီးမှာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်ရတော့မှာကို စိတ်လှုပ်ရှားနေတဲ့ ဂွာဒီယိုလာကပဲ အခုလို ပြောဆိုမှု လုပ်သွားခဲ့ပါတယ်။
ဂွာဒီယိုလာက “ နယူးကာဆယ်ကို နိုင်လိုက်တာ အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့လတည်းက လီဗာပူးအသင်း သိပ်ကို ကောင်းလာနေပြီ။ ကျနော်တို့ကလည်း အန်ဖီးကို သွားရဖို့ ရှိနေတယ်။ ဒီတော့ သူတို့နဲ့ နီးနီးကပ်ကပ် ရှိလာနေတာ သိပ်ကောင်းပါတယ်။
ဒါမျိုးကိုပဲ ကျနော်လိုချင်တာပါ။ အခန်ဂျီ၊ ဂျွန်စတုန်း၊ ဟာလန်းတို့ကလည်း ပြန်လာနေပြီ။ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေပွဲတွေမှာပါ သူတို့ကို သုံးလို့ ရလာမှာပါ။ ကျနော်တို့ အသင်းသားတိုင်းကို အသုံးပြုရတော့မှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ဂွာဒီယိုလာဟာ သူ့ရဲ့ အင်တာဗျူးတိုင်းမှာ လီဗာပူးအကြောင်း အမြဲတမ်း ထည့်ပြောနေပြီး မီဒီယာအာရုံစိုက်မှုတွေ ကလော့ပ်တို့အပေါ် ပုံကျလာအောင် အားထုတ်နေတာပါ။ နည်းပြကလော့ပ်ကလည်း ဒီဘရိုင်း ပြန်လာတဲ့နောက် စီးတီးကို သတိထားကြလို့ အသိပေးမှု ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။