ဆောင်းပါး | စစ်မှန်တဲ့ ဘောလုံးကလပ် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားပေမယ့် ပရီးမီးယားလိဂ်ရဲ့ ညံ့ဖျင်းမှုကြောင့် နောက်ရောက်နေရတဲ့ လီဗာပူး

ပရီးမီးယားလိဂ်ဟာ ၎င်းတို့ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းကို ပိုမို တင်းကြပ်စွာ ကိုင်တွယ်လာတော့မှာဖြစ်ပြီး ရှေ့ပြေးအဖြစ် အဲဗာတန်၊ နော်တင်ဟမ် ဖောရက်စ်တို့ကို ထပ်မံ အရေးယူပြတော့မှာ ဖြစ်ပါတယ်။

မနှစ်တုန်းကပဲ အေဘရာမိုဗစ် လက်ထက် ၂၀၁၂ မှ ၂၀၁၉ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ဘဏ္ဍာရေး ချိုးဖောက်မှုတွေအတွက် ချယ်ဆီးအသင်းကို ယူအီးအက်ဖ်အေက ယူရို ၁၀ သန်း ဒဏ်ရိုက်ထားပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကတော့ အခုချိန်ထိ စုံစမ်းဆဲ အခြေအနေမှာပဲ ရှိနေပါတယ်။

မန်စီးတီးရဲ့ အထင်ကရ စည်းမျဉ်းပေါင်း ၁၁၅ ချက် ချိုးဖောက်မှုကလည်း အခုချိန်ထိ စီရင်ချက် မချသေးသလို စွဲချက်တွေအတွက် စုံစမ်းဖော်ထုတ်လို့ ရထားမှုတွေကို ပရီးမီးယားလိဂ်ဘက်ကတော့ လွတ်လပ်သော ကော်မရှင်တွေထံ လွဲပြောင်းပေးထားပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တင်းကြပ်တဲ့ ဘဏ္ဍာရေး ကိုင်တွယ်မှုတွေကြောင့် ဒီဇန်နဝါရီမှာဆိုရင် အာဆင်နယ်၊ နယူးကာဆယ်တို့ဟာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူလိုကြပေမယ့် FFP စည်းမျဉ်းနဲ့ ညိစွန်းမယ့် အခြေအနေကြောင့် လူသစ် ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။

ထိပ်သီးကလပ်တွေ ဘဏ္ဍာရေး ခြေချုပ်မိနေချိန်မှာ မေးခွန်းတစ်ခု ထွက်လာတာက လီဗာပူးအသင်းကကော တူညီတဲ့ စွဲချက်တွေ ဘာလို့မရသေးသလဲ၊ လီဗာပူးကကော ဘဏ္ဍာရေး ဟန်ချက်ညီမှုအောက်မှာ ရှိနေသလားပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့ရဲ့ ဘဏ္ဍာရေး ကန့်သတ်မှုအောက်မှာ အကောင်းဆုံး မောင်းနှင်နိုင်စွမ်းရှိတဲ့ ကလပ်အသင်းတွေထဲ ပါဝင်လို့နေပါတယ်။

ယာဂင်ကလော့ပ် လက်ထက်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ၁ ကြိမ်စီ အနိုင်ရသလို ဒုတိယနေရာတွေက ၂ ကြိမ်စီ ရပ်တည်နိုင်တဲ့ လီဗာပူးအသင်းဟာ အဖွဲ့ချုပ်တွေရဲ့ စည်းမျဉ်းတွေကို လိုက်နာမှုအားကောင်းတဲ့ အသင်းဖြစ်နေပါတယ်။

တနည်းအားဖြင့် ဘဏ္ဍာရေးပိုင်း ဖောက်ဖျက်မှု ကြီးမားပြီး စည်းမျဉ်းတွေကို လက်တလုံးခြား ကျော်ခွနေတဲ့ မန်စီးတီးလို အသင်းကို လီဗာပူးအသင်းကတော့ စည်းမျဉ်းတွေအောက်ကပဲ ဟန်ချက်ညီညီဖြင့် စိန်ခေါ်နေတာပါ။ ဒါကပဲ ပရီးမီးယားလိဂ် ဖော်ဆောင်လိုတဲ့ မျှတတဲ့ ပြိုင်ဆိုင်မှုအပေါ် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာစေပါတယ်။

လီဗာပူးပိုင်ရှင်တွေရဲ့ ဓနအင်အား နည်းပါးခြင်းကြောင့် အသင်းဟာ ကင်းထောက်မှုပိုင်းကို ပိုမို အားပြုနေရပါတယ်။ မန်စီးတီးက ကယ်ဗင်ဖီးလစ်ကို ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူပြီး အရန်ခုံမှာ ခေါက်ထားသလို ငွေကြေး ဖြုန်းတီးမှုမျိုး လီဗာပူးတို့ မတတ်နိုင်ပါဘူး။ ကလပ်ရဲ့ အသုံးစရိတ် အနည်းငယ်ဖြင့် ထိပ်တန်းအဆင့် ရပ်တည်နိုင်စွမ်းဟာ များစွာသော ကလပ်တွေ စံနမူနာယူစရာ ဖြစ်နေစေတယ်။

လီဗာပူးအသင်း အောင်မြင်စွာ ရပ်တည်နိုင်ရေးမှာ မှန်ကန်တဲ့ ကစားသမားတွေ ရရှိဖို့ လိုလာတယ်။ ဒီအတွက် ကစားသမား စုဆောင်းမှုဆိုင်ရာ အဖွဲ့က အဓိကကျလာရပါတယ်။ အပြောင်းအရွှေ့တွေမှာ ပိုပြီး စမတ်ကျဖို့၊ အခြားအသင်းတွေထက် ပိုကြိုးစားရပြီး ဒါကြောင့်ပဲ များစွာသော ကစားသမားတွေကို ပိုမို ကင်းထောက်မှုတွေ လုပ်လာရပါတယ်။

မာဆေးဆိုဒ်သတင်းထောက် Paul Gorst ရဲ့ အဆိုအရတော့ လီဗာပူးဟာ အငှားချထားတဲ့ ကစားသမားတွေကို ကင်းထောက်ပုံစံတွေ ပြန်သုံးစွဲလေ့ရှိတယ်လို့ သိရပါတယ်။ လူငယ်တွေကို ဥရောပတလွှား အငှားချရင်းမှာပဲ သူတို့ အနီးအနားက အလားအလာရှိတဲ့ ကြယ်ပွင့်တွေကို လိုက်လံ ကင်းထောက်ယူလေ့ ရှိပါတယ်။

ဥပမာအားဖြင့် ကလပ် အကယ်ဒမီထွက် ချီရီဗီလာကို ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ နယ်သာလန်လိဂ်ကလပ် Willem II ထံ အငှားချခဲ့ပါတယ်။ သူကမှ တဆင့် ထိုစဉ် နယ်သာလန်လိဂ်ကို ယာယီလာကစားနေတဲ့ ကိုစတက်ကို အသင်းက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဒီယက်ဇ်ကို ခေါ်ယူတုန်းကလည်း တကယ်တမ်းမှာ ဒီယက်ဇ်ဟာ နွေပစ်မှတ်ဖြစ်ထားခဲ့တာပါ။ ဒါပေမယ့် စပါးအသင်းက ကြားဝင်လာချိန်မှာ ကလပ်ဟာ ကြိုတင်ချိတ်ဆက်ထားတဲ့ ကစားသမားရဲ့ အေးဂျင့်တွေ အကူအညီနဲ့ ၆ လ ကြိုတင် ခေါ်ယူခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပါရမီရှင်တွေ ရှာဖွေရေး ကမ္ဘာတစ်လွှား ကင်းထောက်တွေကို ဖြန့်ထားတာရှိသလို အပြောင်းအရွှေ့မှာ လက်မနှေးရအောင် ကစားသမားတွေရဲ့ အေးဂျင့်တွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကောင်းကနေ အကူအညီ ယူတာမျိုးလည်း ရှိနေပါတယ်။

” လီဗာပူးအသင်းဟာ ပစ်မှတ်တစ်ခုကို ဦးတည်လိုက်တာနဲ့ သူ့အနားက ဝန်ထမ်းတွေက တစ်ဆင့် အချက်အလက်တွေ၊ ကင်းထောက်ဗီဒီယိုတွေ၊ အသင်း ကင်းထောက်တွေ ကိုယ်တိုင် လေ့လာထားတဲ့ သုံးသပ်ချက်တွေဖြင့် ရှုထောင့်ပေါင်းစုံက ချဉ်းကပ်မှုတွေ ပြုလုပ်လေ့ရှိတယ် ” လို့ ကလပ်နဲ့ လက်တွဲနေဆဲ ကင်းထောက် တစ်ဦးက Echo က တစ်ဆင့် ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ထူးခြားတဲ့ အကဲဖြတ်မှု တစ်ခုကဆိုရင် ဒေတာသမားတွေနဲ့ နည်းပြအဖွဲ့ကိုပဲ အားကိုးခြင်း မဟုတ်ဘဲ ပစ်မှတ်အဖြစ် ရွေးချယ်ထားတဲ့ ကစားသမားကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးတဲ့ အသင်း ကစားသမားတွေထံက အကြံဉာဏ် တောင်းခံခြင်းမျိုးလည်း ပါဝင်ပါတယ်။

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့အတွက် ရင်းနှီးမြုပ်နှံမှု အများအပြားကို ကင်းထောက် ကိစ္စတွေမှာ စုပုံ အသုံးပြုနေပါတယ်။ အသာတင် အသုံးစရိတ် အနည်းဆုံး အသင်းဖြစ်ပေမယ့်လို့ ပရီးမီးယားလိဂ်မှာ အေးဂျင့်နဲ့ ကင်းထောက်ခ ကုန်ကျမှု အများဆုံး အသင်းများ စာရင်းထဲမှာ လီဗာပူး ပါဝင်ထားပါတယ်။

လီဗာပူးအသင်းဟာ တစ်ကြိမ်တည်းမှာ ကစားသမား တစ်ဒါဇင်လောက်ကို ကင်းထောက်ပြီး အကဲဖြတ်နိုင်တဲ့ထိ ကင်းထောက်ပိုင်းကို ရင်းနှီးမြုပ်နှံထားတယ်လို့ သိရတယ်။ ကစားသမားတွေကို ဆယ်ကျော်သက် အရွယ်တည်းက အသက် အပိုင်းအခြားအလိုက် တိုးတက်မှုတွေကို ခြေရာခံကာ ၄ နှစ် ၅ နှစ်ထိ ဆက်လက် ကင်းထောက်လေ့ရှိတယ်လို့ သိရပါတယ်။

ဘောလုံးဟာ အဆက်အသွယ်တွေနဲ့ မောင်းနှင် လုပ်ရှားနေတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ယုံကြည်ရတဲ့ ရှိသမျှ အဆက်အသွယ်တွေကို အသုံးပြုနိုင်ခြင်းကပဲ ကလပ်တွေကို အကျိုးအမြတ်ရစေတယ်လို့ အမည်မဖော်ပြတဲ့ ကင်းထောက်တစ်ဦးက မာဆေးဆိုဒ် အခြေစိုက် Echo သတင်းကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်း အောင်မြင်ဖို့ဟာ နည်းပြအဖွဲ့နဲ့ သူ့ကို ပံ့ပိုးပေးတဲ့ ကစားသမားခေါ်ယူရေး အဖွဲ့အပေါ် မူတည်နေပြီး မှန်ကန်တဲ့ ကစားသမားတွေရဖို့ကို များစွာသော ကင်းထောက်မှုတွေဖြင့် ရှေ့ဆက်နေဆဲဖြစ်ပါတယ်။