

လီဗာပူးအသင်းဟာ နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ ခံစစ်မှူး David Hancko ကို ချိတ်ဆက်မှု ပြုလုပ်ခဲ့တယ်လို့ ကစားသမားရဲ့ အေးဂျင့်က အတည်ပြုပါတယ်။
ချက်သတင်းဌာန TN.cz နဲ့ အင်တာဗျူးမှာပဲ ကစားသမားရဲ့ အေးဂျင့်က ပရီးမီးယားလိဂ်ကလပ် အပြင် ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီကလည်း အသက် ၂၆ နှစ်အရွယ် ခံစစ်မှူးအတွက် ကြိုးစားမှု ရှိလာနေကြောင်းကို ဝန်ခံသွားတာပါ။
ဒါပေမယ့်လို့ နယ်သာလန်လိဂ်မှာ ဖီယင်နုအသင်း ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ အားပြိုင်နိုင်နေတာကြောင့် အဓိက ကစားသမားဖြစ်တဲ့ သူ့ကို ကလပ်ဘက်က လက်လွတ်ဖွယ် မရှိဘူးလို့လည်း သူကဆိုပါတယ်။
အေးဂျင့်ဖြစ်သူကတော့ “ ကျနော်တို့ အေဂျင်ဆီကို ဆက်သွယ်လာတာ သူတို့ နှစ်သင်း (လီဗာပူး၊ ပီအက်စ်ဂျီ) တင်ပဲ မဟုတ်ပါဘူး။ အခြားကလပ်တွေကလည်း ဒေးဗစ်ရဲ့ အခြေအနေကို စိတ်ဝင်စားနေကြပါတယ်။
ဇန်နဝါရီအတွင်း Rotterdam မှာ ဒေးဗစ် ဆက်ရှိနေမယ်ဆိုတာကို ကျနော်တိုပ ၈၀% ၉၀% လောက် အသေအချာ ပြောနိုင်ပါတယ်။
ဖီယင်နုက ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစား ယှဉ်ပြိုင်နေတာပါ။ ဖီယင်နုအသင်း တာဝန်ရှိသူတွေက အခုချိန်မှာ ဒေးဗစ်ကို ရောင်းလိုက်တာထက် နွေမှ ရောင်းလိုက်တာ ပိုကောင်းမယ်ဆိုတာ သိထားကြပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။
ဒေးဗစ်ဟာ ၂၀၂၂ မှာ နယ်သာလန်ကလပ်ကို ရောက်ရှိခဲ့တာဖြစ်ကာ အခုချိန်ထိ ၆၉ ပွဲ ကစားပေးထားပါတယ်။ သူဟာ ဗဟိုခံစစ်မှာ အဓိက ကစားသူဖြစ်ကာ ဘယ်ခြမ်း ခံစစ်မှူးအဖြစ်ပါ ကစားနိုင်တယ်လို့ သိရပါတယ်။