ညာအစွန်ကိစ္စ ကလော့ပ် ပြောဆိုခြင်း၊ အာဆင်နယ်လူငယ်အသင်းကို ၇ ဂိုးသွင်းပြီး အက်ဖ်အေကနေ ဖြုတ်ချခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် အားလပ်ရက် အနည်းငယ်ရခဲ့တဲ့နောက် ရာသီကုန်ထိ ဆက်သွားဖို့ အင်အားတွေ ရထားခဲ့ပြီလို့ ကလော့ပ်က ဆိုပါတယ်။

ကာတစ်ဂျုံးဟာ ငယ်စဉ်တည်းက အာဆင်နယ်ကို အားပေးခဲ့တာ ဆိုတဲ့ ဖော်ပြချက်တွေဟာ မှားယွင်းပြီး ဂျရတ်ကို စံနမူနာယူလေ့ရှိတဲ့ မာဆေးဆိုဒ်သားဟာ ငယ်စဉ်တည်းက လီဗာပူးအသင်းကိုပဲ စိတ်ထဲရှိခဲ့သူလို့ Paul Joyce က ဆိုပါတယ်။

လီဗာပူး ယူ-၁၈ အသင်းဟာ အက်ဖ်အေလူငယ်ဖလား ပြိုင်ပွဲအဖြစ် အက်ဆာမှာ အာဆင်နယ် ယူ-၁၈ အသင်းကို ဧည့်ခံ ကစားပြီး ၇-၁ ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

အဆိုပါပွဲမှာ လူငယ်တိုက်စစ်မှူး ကူးမက်စ်ဟာ ဟက်ထရစ် ရခဲ့တာ ဖြစ်ပါတယ်။

ထရန့်က ကွင်းလယ်မှာ ကစားနိုင်တာမို့ ညာအစွန်နေရာ လူသစ်ဝယ်ပါလို့ တိုက်တွန်းချက်တွေ ရခဲ့ပေမယ့် ဘရတ်ဒလေကို နေရာပေးလိုတာကြောင့် ခေါ်ယူမှာ မဟုတ်ဘူးလို့ ကလော့ပ်က တုန့်ပြန်ပါတယ်။

ဒီနွေမှာ ဆော်ဒီပရိုလိဂ်ဟာ အသုံးစရိတ် ပေါင် ၂ ဘီလျံထိ ထုတ်သုံးမှာဖြစ်ကာ သူတို့ရဲ့ ဦးစားပေး ပစ်မှတ်က ဆာလာလို ဘောလုံးအကျော်အမော်ကို ခေါ်ယူနိုင်ရေး ဖြစ်ပါတယ်။

ကိုနတေးရဲ့ ခြေစွမ်းကို သူကတော့ သိပ်ပြီး မထူးဆန်းပါဘူးလို့ ကလော့ပ်က မှတ်ချက်ပေးပါတယ်။ ပြင်သစ်သားထံက ဒီခြေစွမ်းမျိုး မြင်ရမယ်လို့ အစကတည်းက သူမျှော်လင့်ထားကြောင်း နည်းပြက ဆိုပါတယ်။

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က ပဲလေစ့်ကို ၅-၀ ဖြင့် အနိုင်ယူပြီး တစ်ပွဲပိုကစားကာ လီဗာပူးနောက် ၂ မှတ်အကွာကို ကပ်လိုက်လာနေပါတယ်။