လူမစုံပေမယ့် ဒါဝင်၊ မာကာ၊ ဂျိုတာ ခြေစွမ်းပြပြီး ဂျုံး ဒဏ်ရာရခဲ့တဲ့ ဘုန်းမောက်ကို ဂိုးပြတ် နိုင်ပွဲ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းထံ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ သွင်းဂိုးတွေကိုတော့ ဒါဝင်နဲ့ ဂျိုတာတို့က ၂ ဂိုးစီ သွင်းယူခဲ့တာပါ။

နည်းပြကလော့ပ်ဟာ ညာခြမ်းမှာ ဒီယက်စ်ကို ထုတ်ပြီး ဂျိုတာကို အထောင်နဲ့ ဒါဝင်ကို ဘယ်ခြမ်းတိုက်စစ်သမားအဖြစ် နေရာချခဲ့ပါတယ်။ ဂျိုတာနဲ့ ဒါဝင်တို့ သူတို့နေရာကနေ ခြေစွမ်းပြပေမယ့် ဒီယက်စ်ကတော့ ပုံမှန် မဟုတ်တဲ့ နေရာကနေ ဖန်တီးမှုတွေလုပ်ဖို့ ရုန်းကန်ရပြီး ဘောလုံးထိချက်တောင် သိပ်မရှိခဲ့ပါဘူး။

ပထမပိုင်းမှာ ဒီယက်စ်ကို ဘုန်းမောက်ကစားသမား ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့ပေမယ့် VAR ကတော့ ပြစ်ဒဏ်ပေးခဲ့ခြင်း မရှိပါဘူး။ ဗန်ဒိုက်က ဆိုလန်ကီကို အကောင်းဆုံး ထိန်းချုပ်ထားခဲ့ပြီး ပထမပိုင်းမှာ နှစ်သင်းလုံးဟာ ရလာတဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခြင်း မရှိပါဘူး။

ဒုတိယပိုင်းမှာတော့ ဂျုံးနဲ့ ဂျိုတာတို့ တစ်ချက်ထိတွေ ပေးမှုတစ်ဆင့် ဘုန်းမောက် ခံစစ်သမားတွေကြား နံပါတ် ၉ သမားအဖြစ် ပါးပါးနပ်နပ် နေရာဝင်ယူနေတဲ့ ဒါဝင်ကပဲ ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

လီဗာပူး ခြေတွေ့လာသလို ဒါဝင်ရဲ့ တောင်ပံကနေ တိုးအားဖြင့် ကစားလာပြီး ဖြတ်တင်ပေးမှုကို ဘရတ်ဒလေ ပိတ်သွင်းပေမယ့် ဂိုးပေါက် မတည့်ခဲ့ပါဘူး။ ညာအစွန်က ကောင်လေးကလည်း လက်ခံစရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။

ဒုတိယပိုင်းအတွင်း ဂျိုတာကို ပြိုင်ဘက်အသင်းက သေသေချာချာ ထိတွေ့မှုရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က မျက်ကွယ်ပြုခဲ့တာကလည်း အံ့ဩစရာပါ။ ကာတစ်ဂျုံးကလည်း ဒီပွဲမှာ တံကောက်ကြောလို့ ယူဆရတဲ့ အခြေအနေကြောင့် လူစားလဲခံခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးအသင်းက ခြေစွမ်းကောင်းပေမယ့် တကယ်တမ်း ပွဲအဖြေကို ပြောင်းလဲစေခဲ့တာက ဂျိုတာပဲ ဖြစ်ပါတယ်။ ဧရိယာထဲ ရတဲ့ အခွင့်အရေးကို ရသလို အသုံးချမှုကနေ သွင်းဂိုး ၂ ဂိုး ရယူပေးသွားခဲ့တယ်။ ကွင်းလယ်ကနေ ထောက်ပံ့ပေးနေတဲ့ မာကာရဲ့ ခြေစွမ်းကလည်း အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။

မိနစ် ၉၀ နောက်ပိုင်းမှာ ဂိုးမက်စ်ရဲ့ ထူးချွန်တဲ့ ဖြတ်တင်ဘောကို ဒါဝင် ဝင်ပိတ်ပေးခဲ့တာကြောင့် ၄-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် လီဗာပူးအသင်းဟာ အဆင့် ၂၊ ၃၊ ၄ နေရာတွေက အသင်းတွေကို ၅ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။