နည်းပြကလော့ပ်ကတော့ သူ့ရဲ့ ကစားဟန်မှာ ကွင်းလယ် နံပါတ် ၆ သမားအဖြစ် ကစားနေတဲ့ မာကာဟာ အဆိုပါနေရာမှာ အံ့မဝင်ပါဘူးလို့ ဝေဖန်ကြသူတွေအား ပြတ်ပြတ်သားသား တုန့်ပြန်သွားပြီ ဖြစ်ပါတယ်။
ဘုန်းမောက်ကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ မာကာဟာ ပြိုင်ဘက်ထံက ဘောလုံး လူယူမှုကော အဆုံးသတ်ပိုင်းအတွက် လမ်းကြောင်းများစွာကနေ ဘောလုံးပေးနိုင်မှု အပါအဝင် ကွင်းလယ်ကနေ လီဗာပူးကစားကွက်ကို ထိန်းသွားခဲ့တာဖြစ်ပါတယ်။
ကလော့ပ်ကတော့ ‘မင်းတို့ မှန်းဆနိုင်သမျှ နံပါတ် ၆ သမားတွေထက် ပိုသာတဲ့ ကစားသမား’ လို့ ကြွေးကြော်လိုက်ပြီး မာကာကို နံပါတ် ၁၀ နေရာ ပို့ဖို့နဲ့ သူရဲ့ အကောင်းဆုံး ဘောလုံးစွမ်းရည်ကို နေရာမှား မသုံးဖို့ ဝေဖန်သံတွေအား အခုလို ပိုင်ပိုင်နိုင်နိုင် တုန့်ပြန်ခဲ့ပါတယ်။
အာဂျင်တီးနား ကွင်းလယ်လူရဲ့ သက်ရောက်မှုနဲ့ ပတ်သက်လို့ ကလော့ပ်က ‘ နွေမှာ အသင်းဘက်က မာကာကို ခေါ်ယူချင်တုန်းက ဆုံးဖြတ်ချက်တွေအတွင်း ကျနော်လည်း ပါခဲ့ပါတယ်။ ဘရိုက်တန်မှာ သူက ပုံမှန် နံပါတ် ၆ သမားအဖြစ် မကစားရပါဘူး။ ဒါပေမယ့် သူက ထူးချွန်တဲ့ ကစားသမားပါ၊ တကယ်ကို စမတ်ကျပါတယ်။
ကျစ်လစ်တဲ့ ကစားကွက်ကို ဖော်ဆောင်နိုင်သမျှ သူက ထူးချွန်တဲ့ နံပါတ် ၆ သမား ဖြစ်နေမှာပါ။ မင်းတို့ အမြင်တွေ မင်းတို့ ကြိုက်တာပြောလို့ရတယ်။ ဒါပေမယ့် ဘောလုံးကိုင်ကစားနိုင်ချိန်မှာ မာကာဟာ မင်းတို့ မှန်းဆနိုင်မျှ နံပါတ် ၆ သမားတွေ အားလုံးထက် ပိုကောင်းတဲ့ နံပါတ် ၆ သမား ဖြစ်ပါတယ်။
ဘောလုံးနဲ့ဆိုရင် မာကာက သိပ်သန်မာတယ်။ ကွင်းက သိပ်ကျယ်နေတယ်ဆိုရင် ကျနော်တို့ နေရာလွတ်တွေကို အသုံးချပြီး တိုက်စစ်လမ်းကြောင်း ဖွင့်ဖို့လိုတယ်။ ခံစစ်ကနေ ဖောက်ထွက် ကစားပြနိုင်သူ အချို့တော့ ရှိပေမယ့် မာကာထက် ပိုကောင်းတဲ့ နံပါတ် ၆ သမား မရှိပါဘူး။
ဘုန်းမောက်ပွဲ ဒုတိယပိုင်း ကစားပုံအရလည်း မာကာက သိပ်ကို ထူးချွန်တယ်လို့ ကျနော် ချီးကျူးလိုတယ်။ ပထမပိုင်းလည်း မဆိုးပေမယ့် ဒုတိယပိုင်းမှာ ဘောလုံးနဲ့အတူ အားလုံးကို သူ တည်တည်ငြိမ်ငြိမ် လုပ်ပြခဲ့တယ်။ သိပ်ကောင်းတဲ့ ကစားသမားပဲ ‘ လို့ ချီးကျူးခဲ့ပါတယ်။
ကလော့ပ်ဟာ သူခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ကစားဟန်ကို ကြိုးစား တည်ဆောက်နေပြီး ဒုတိယရာသီဝက်ကတော့ ပိုကောင်းတဲ့ ကစားပုံတွေဖြင့် တိုးတက်လာဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။