

လီဗာပူးနဲ့ အီဂျစ် တောင်ပံသမား မိုဆာလာရဲ့ တံကောက်ကြောဟာ မူလ မျှော်လင့်ထားတာထက် ပိုပြင်းထန်နေတယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂါနာနဲ့ အာဖရိကဖလားပွဲမှာ ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ ပါဝင်နိုင်တော့ခြင်း မရှိပါဘူး။ သူဟာ ကွင်းထဲက ထွက်ခွာခဲ့ရပြီး အစောပိုင်း စစ်ဆေးမှုတွေမှာ တစ်ပတ်ကျော် နားရမယ်လို့ ယူဆခဲ့ကြတာပါ။
လီဗာပူးအသင်းဘက်က ဆာလာရဲ့ အခြေအနေကို စိတ်ပူတာကြောင့် အက်ဆာ လေ့ကျင့်ရေးထံ ပြန်ခေါ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်လိုခဲ့တယ်။ ဒဏ်ရာ အခြေအနေ အသေးစိတ်သိရပြီး ပြန်သက်သာတာနဲ့ အီဂျစ်အသင်းထံ ပြန်ပို့ပေးဖို့ စီစဉ်ခဲ့ပါတယ်။
အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလာဟာ အုပ်စုအဆင့်ပွဲစဉ်နဲ့ ၁၆ သင်း အဆင့် ရှုံးထွက်ပွဲကိုပဲ လွဲချော်မယ်လို့ ကြေညာခဲ့တာပါ။ ဖေဖော်ဝါရီလ ၂-၃ ရက်တွေမှာ ယှဉ်ပြိုင်ရမယ့် အာဖရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ကို အီဂျစ်အသင်း တက်နိုင်ခဲ့ရင် ဆာလာ ပြန်ပါနိုင်မယ်လို့ ၎င်းတို့က တွက်ဆခဲ့ပါတယ်။
ဆာလာရဲ့အေးဂျင့်ဖြစ်တဲ့ Ramy Abbas ကတော့ ကစားသမားရဲ့ ဒဏ်ရာဟာ အီဂျစ်အသင်း သတင်းထုတ်ပြန်တာထက် ပိုဆိုးရွားပါတယ်လို့ အတည်ပြုပေးခဲ့တယ်။
Mohammed’s injury is more serious than first thought and he will be out for 21-28 days, and not 2 games.
His best chance at participating in the current AFCON is by undergoing intensive rehabilitation in the uk and rejoining the team as soon as he is fit.— Ramy Abbas Issa (@RamyCol) January 22, 2024
သူကပဲ “ ဒဏ်ရာက အစောပိုင်း မျှော်လင့်ထားတာထက် ပိုဆိုးရွားနေပါတယ်။ မိုက ၂၈ ရက် ဝန်းကျင် နားရဖို့ရှိနေပါတယ်။ သူ့အတွက် အကောင်းဆုံး အခွင့်အရေးက ဗြိတိန်မှာ ပြန်လည် ထူထောင်မှု အပြင်းအထန် ပြုလုပ်ပြီး ကြံ့ခိုင်လာချိန်မှ အာဖရိကဖလားပြိုင်ပွဲထံ ပြန်လာဖို့ပါ ” လို့ အတည်ပြုခဲ့တယ်။
မိုဆာလာဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အရေးပါတဲ့ ပွဲစဉ်တွေဖြစ်လာမယ့် ချယ်ဆီး၊ အာဆင်နယ်နဲ့ပွဲကို လွဲချော်သွားဖို့က သေချာနေပြီဖြစ်ပါတယ်။
အီဂျစ်အသင်းရဲ့ အာဖရိကပြိုင်ပွဲမှာ ဘယ်လောက်ဝေးဝေး ရောက်နိုင်မလဲအပေါ် မူတည်ပြီး ဆာလာကို ဆက်လက် လက်လွတ်ရဖို့ရှိနေပါတယ်။ ဖေဖော်ဝါရီလအတွင်း ဘန်လေ၊ ဘရန့်ဖိုဒ့်၊ လူတန်တောင်းနဲ့ အမှတ်ပေးပွဲတွေမှာ သူပါဝင်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။