ပရီးမီးယားလိဂ် သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ပေါမာဆန်ကတော့ စကိုင်းစပေါ့ကနေ အမှတ်ပေးဖလား စိန်ခေါ်မှုအတွက် ဆွေးနွေးရာမှာ ကာလတိုအတွင်း လီဗာပူးရဲ့ ဖလားအိပ်မက်တွေ အဆုံးသတ်သွားပါမယ်လို့ သုံးသပ်ခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် စိန်ခေါ်နိုင်ဖို့ရာ ရေပန်းစားစာရင်းထဲ မပါခဲ့တဲ့ လီဗာပူးဟာ လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။ ကလော့ပ်ရဲ့ Liverpool 2.0 မှာ ကွင်းလယ်တန်းဟာ သွေးသစ်လောင်းထားတာမို့ အတော်များများက ဒီလောက် တိုးတက်လာမယ် မထင်ခဲ့ကြပါဘူး။
လီဗာပူးထံက အထင်ကြီးစရာတွေ မြင်နေရပေမယ့် အန်ဖီးမှာ ချယ်ဆီးကို ဧည့်ခံပြီး ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်ရမယ့် အမ်းမရိတ်က အမှတ်ပေးပွဲ အပြီးမှာ လီဗာပူးရဲ့ ဖလားအိပ်မက် အဆုံးသတ်သွားတာ မဖြစ်နိုင်ဘူး ဘယ်သူ ပြောနိုင်မှာလဲလို့ ဂန်းနားဟောင်းက အခုလို ပြောဆိုသွားပါတယ်။
ပေါမာဆန်က ” လီဗာပူး ဖလားပြိုင်ဆိုင်မှုထဲ ရာသီကုန်ထိ ဆက်ရှိနေမယ်လို့ ကျနော် အမြဲတမ်း ပြောပါတယ်။ သူတို့မှာ တိုက်စစ်သမားတွေ အများကြီး ရှိပါတယ်။ ၅ ယောက်လောက် ရှိပါတယ်။ အားလုံးကလည်း ဂိုးသွင်းနိုင်တယ်။
ဒါဝင် နူးညက်စ်က အခွင့်အရေးတွေကို အမြဲတမ်း လွဲချော်ပါတယ်။ ဒါပေမယ့် ဂိုးမသွင်းနိုင်တာထက်စာရင် အခွင့်အရေးတွေ လွဲနေတာကမှ ပိုကောင်းပါသေးတယ်။ တိုက်စစ်သမား တစ်ဦးမဟုတ် တစ်ဦး ခြေစွမ်းပြနိုင်တာက သူတို့ရဲ့ အားသာချက်ပါ။
စီးတီးလူစာရင်းမှာ ဟာလန်း မပါနိုင်ရင် သူ့နေရာ အစားထိုးစရာ လူမရှိပေမယ့် စီးတီးအတွက် အဲဗာရက်စ် ရှိနေဆဲပါ။ သူက ကစားသမားကောင်းအဖြစ် ဟာလန်း အဆင့်လောက် မရှိရင်တောင် သူ့အလုပ်သူ လုပ်ပြနေဆဲဖြစ်ပါတယ်။
လီဗာပူးက ဒီရာသီ ပရီးမီးယားလိဂ် ဖလားပြိုင်ဆိုင်မှုမှာ ရေပန်းစားအသင်းပါ လို့ ကျနော်တော့ ပြောမှာ မဟုတ်ပါဘူး။ မန်စီးတီးက ၁၀ ပွဲဆက်လောက်ကို ရှုံးပွဲမရှိ ကစားနိုင်တယ်၊ နိုင်ပွဲတွေကို ဆက်တိုက် ယူပြနိုင်စွမ်းရှိတယ်။ အခုလည်း သူတို့တွေ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ၈ ပွဲကို နိုင်ထားပါတယ်။
မန်စီးတီးရဲ့ လူစာရင်းက သိပ်ကြီးမားတယ်။ ရာသီစတည်းက သူတို့အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဟာလန်းနဲ့ ဒီဘရိုင်း မပါနိုင်တာတောင် ဇယားထိပ်ပိုင်းနားမှာ အမှတ်ပေးဖလားကို စိန်ခေါ်နေဆဲပါပဲ။
မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ်ကြား ကွာဟချက်က အဲ့တာပါပဲ။ မန်စီးတီးတို့ ၁၀ ပွဲဆက်နိုင်တာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ အဲ့နေရာမှာ လီဗာပူးနဲ့ အာဆင်နယ်ဆိုရင် ကိစ္စကြီးကို ဖြစ်နေတာပါ။
လီဗာပူးရဲ့ ဖလား မျှော်လင့်ချက်တွေက မကြာတော့မယ့် သီတင်းပတ် တစ်ပတ်အတွင်း အဆုံးသတ်သွားနိုင်ပါတယ်။ အန်ဖီးကွင်းမှာ သူတို့ ချယ်ဆီးကို ဧည့်ခံရမယ်၊ သူတို့ ရင်ဆိုင်ရမှာက ဘယ်လို ပုံစံနဲ့ ချယ်ဆီးအသင်းမှန်း မသိနိုင်သေးဘူးလေ။ ချယ်ဆီးက အလှည့်အပြောင်း ပြန်လုပ်ပြနေနိုင်ပြီး ရင်ဆိုင်ရ ခက်ခဲမယ့် ပွဲကောင်းမျိုး ပေးနိုင်စွမ်း ရှိပါတယ်။
ပြီးရင် လီဗာပူးက အာဆင်နယ်နဲ့ အဝေးကွင်းပွဲ ကစားရမယ်။ အက်ဖ်အေပွဲမှာတုန်းကလို ကစားခဲ့ကြရင် အာဆင်နယ်ပဲ နိုင်သွားမှာပါ။ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကို ရင်ဆိုင်ရမယ့် အမှတ်ပေးပွဲတွေပြီးရင် လီဗာပူးရဲ့ ဖလား မျှော်လင့်ချက်တွေ ပြီးသွားနိုင်ပါတယ် ’ လို့ သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။