လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံကို ရင်ဆိုင်ကျော်ဖြတ်ဖို့ လူစာရင်း တစ်ခုကို ကာလတိုအတွင်း တည်ဆောက်လာနေပြီး အကယ်ဒမီထွက်တွေ အများအပြား ပါဝင်ခွင့် ရနေပါတယ်။
စီနီယာကစားသမားများစွာ ဒဏ်ရာရနေခြင်းနဲ့အတူ လီဗာပူး လူငယ်တွေဟာ ပွဲထွက်ခွင့် တစ်နေရာအတွက် သက်သေပြခွင့်တွေ ရလာနေတာပါ။ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲမှာ အသင်းဟာ ဆယ်စုနှစ်အတွင်း ပထမဆုံးသော မှတ်တမ်းတစ်ခုကို ပြန်ရခဲ့ပါတယ်။
Opta ရဲ့ အယ်ဒီတာ တစ်ဦးဖြစ်သူ Michael Reid ရဲ့ အဆိုအရ “ ဘရတ်ဒလေ (၂၀ နှစ်)၊ ဟာဗေး (၂၀ နှစ်)၊ ဂရာဗင်ဘက်ချ် (၂၁ နှစ်)၊ ကလက် (၁၈ နှစ်)၊ အိုဝင်ဘက် (၂၁ နှစ်) ကိတ်ဂေါ်ဒန် (၁၉ နှစ်) အစရှိတဲ့ ကစားသမား ၆ ဦးဟာ အမှတ်ပေးပွဲစဉ်မှာ အတူ ကစားခဲ့ပါတယ်။
ဒါဟာ လီဗာပူးသမိုင်းမှာ အသက် ၂၁ နှစ်အောက် ကစားသမား ၆ ဦးလောက်ကို အမှတ်ပေးပွဲ တစ်ပွဲမှာ အတူ ကစားတာမျိူး ၄ ခါမြောက် မြင်ရခြင်းဖြစ်တယ်။ ၁၉၆၅ ခုနှစ်တုန်းက ဝုဗ်ကို ရင်ဆိုင်ကစားတဲ့ပွဲအပြီး ဆယ်စုနှစ်တွေအကြာမှ တစ်ကျော့ပြန် မြင်လာရခြင်း ဖြစ်ပါတယ်။ ” လို့ ဖော်ပြပါတယ်။
အမှတ်ပေးပွဲတစ်ပွဲမှာ လူငယ်ကြယ်ပွင့် ၆ ဦးလောက်ထိကို တစ်ပြိုင်တည်း ထုတ်သုံးခြင်းမျိုး နောက်ဆုံးမြင်ခဲ့ရတာဟာ လွန်ခဲ့တဲ့ ၅၉ နှစ်တုန်းက ဖြစ်ပါတယ်။
နည်းပြကလော့ပ်တို့ဟာ လာမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲနဲ့ အက်ဖ်အေဖလား ပွဲစဉ်တွေမှာလည်း ဘရတ်ဒလေ၊ ကွမ်းဆက်၊ ဟာဗေးတို့ကို ပွဲထွက်ခွင့်ပေးပြီး လူငယ် အများအပြားကို အရန်စာရင်းမှာ ထည့်လာဖွယ် ရှိနေပါတယ်။
သူတို့အားလုံးဟာ လီဗာပူးအသင်းမှာ ရေရှည် ရှိနေမှာ မဟုတ်ဘဲ အချို့က အပြောင်းအရွှေ့တွေမှာ ရောင်းထုတ်ခံရမှာပါ။ ဒါပေမယ့်လို့ ဘယ်သူတွေကများ ထရန့်၊ ကာတစ်ဂျုံးလို အသင်းမှာ နေရာတစ်နေရာရအောင် ကြိုးစားနိုင်မလားက စောင့်ကြည့်ချင်စရာ ကောင်းနေခဲ့ပါပြီ။