မနက်က ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချယ်ဆီးအသင်းက ပထမအကျော့ ရှုံးထားမှုကို ခြေဖျက်ပြီး ၆-၁ ဖြင့် အနိုင်ရခြင်းကြောင့် ဖိုင်နယ်ထံ တက်သွားခဲ့ပါပြီ။
၎င်းတို့ဟာ လီဗာပူး vs ဖူလ်ဟမ် အတွဲကနေ တက်လာမယ့် အသင်းနဲ့ ဖိုင်နယ် ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့မှာ လီဗာပူးက ဖူလ်ဟမ်ကို ၂-၁ ဖြင့် အနိုင်ရထားခဲ့ပါတယ်။ ဆာလာ၊ ထရန့်တို့ မပါနိုင်သေးပေမယ့် ဒုတိယအကျော့ကို လီဗာပူးတို့ ကျော်ဖြတ်နိုင်မယ် ရေပန်စားနေတယ်။
နည်းပြပိုချက်တီနိုကတော့ ချယ်ဆီးအသင်းနဲ့အတူ ပထမဆုံး ဆုဖလားတစ်လုံး အောင်မြင်လိုနေတာကြောင့် ဘယ်အသင်းကိုမဆို ဖိုင်နယ်မှာ အနိုင်ယူပြမယ်လို့ သတိပေးလာခဲ့တယ်။
ပိုချက်တီနိုက “ ကျနော် ချယ်ဆီးနဲ့အတူ ဖလားတစ်လုံး အောင်မြင်ချင်နေပါပြီ။ ပဲရစ်မှာတုန်းက ၁ နှစ်ခွဲလောက်ကာလမှာ ဖလား ၃ လုံး အောင်မြင်ခဲ့တယ်။ ချယ်ဆီးမှာလည်း ဖလားတွေ အောင်မြင်လိုတယ်။ အောင်မြင်ဖို့လည်း အရမ်းကို စိတ်အားထက်သန်နေပါတယ်။
ဒီဖလားက ကျနော်တို့အတွက် အရေးကြီးလိမ့်မယ်။ ဖူလ်ဟမ် ဒါမှမဟုတ် လီဗာပူးလို သိပ်ကောင်းတဲ့ ၂ သင်းထဲက ၁ သင်းနဲ့ ဖိုင်နယ်မှာ တွေ့ဆုံမှာပါ။ ဘယ်အသင်းနဲ့တွေ့ပါစေ အနိုင်ယူနိုင်မယ်လို့ ကျနော်တို့ ယုံကြည်နေတယ်။ ဒါက အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ်ပဲ ” လို့ ပြောဆိုခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီမှာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းဖြစ်ပါတယ်။ ကာရာဘောင်းမှာ ဆီမီးဖိုင်နယ်၊ အက်ဖ်အေမှာ စတုတ္ထအဆင့်၊ ယူရိုပါလိဂ်မှာ ရှုံးထွက်နဲ့ ပရီးမီးယားလိဂ်ကိုလည်း ဦးဆောင်ထားသေးတာ ဖြစ်ပါတယ်။
လက်ကျန် ဘောလုံးရာသီအတွက် စိတ်ဓါတ်ပိုင်း အင်အားရဖို့ရာ ဖိုင်နယ်ကို တက်ရောက်ဖို့နဲ့ ချယ်ဆီးကို အနိုင်ယူဖို့ အရေးကြီးမှာဖြစ်ပါတယ်။