လီဗာပူးကို သတိပေးလာပြီး ဖိုင်နယ်တက်မယ် ကြွေးကြော်တဲ့ ဖူလ်ဟမ်နည်းပြ မားကိုစ့် ဆေးဗား

ဖူလ်ဟမ်နည်းပြ မားကိုစ့် ဆေးဗားကတော့ ဒီကနေ့ည ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို အနိုင်ယူကာ ဖိုင်နယ်ထံ တက်ရောက်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ပထမအကျော့မှာတုန်းက ဖူလ်ဟမ်တို့ ဦးဆောင်ဂိုး ရယူခဲ့ပေမယ့် အန်ဖီးပရိသတ်တွေရှေ့ လီဗာပူးက ခြေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်ယူသွားခဲ့တာပါ။ မားကိုစ့်ဆေးဗားကတော့ ၎င်းတို့ အိမ်ကွင်းမှာ တူညီတဲ့ ပရိသတ်အင်အားမျိုးတွေရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

လီဗာပူးကို ခက်ခဲမှုတွေပေးဖို့နဲ့ ဒီပွဲဟာ ကာရာဘောင်းဖလားမှာ ဖူလ်ဟမ်ရဲ့ နောက်ဆုံးပွဲ ဖြစ်မသွားအောင် ကြိုးစားကြဖို့ ဆေးဗားက စိန်ခေါ်လာတယ်။

“ ပရိသတ်တွေက အရေးပါလာပါလိမ့်မယ်။ လီဗာပူးအသင်း ခက်ခဲသွားအောင် သူတို့ ကူညီပေးရမှာပါ။ အန်ဖီးကွင်းက လီဗာပူးအတွက် အင်အားဖြစ်စေခဲ့သလိုပဲ ကျနော်တို့ကွင်းမှာ ပရိသတ်တွေက ကျနော်တို့ကို အင်အားပေးမယ် မျှော်လင့်ပါတယ်။

ကစားသမားတွေကလည်း ဒီပွဲက အသင်းအတွက် အရေးကြီးတာကို သိကြပါလိမ့်မယ်။ လူတိုင်းကတော့ ဒီပွဲ လီဗာပူးအသင်း အနိုင်ရဖို့ ရေပန်းစားမယ်ဆိုတာကို လက်ခံကြမှာပါ။ သူတို့က ပထမအကျော့ကို ဦးဆောင်ထားတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ရည်မှန်းချက်ကို ဘယ်သူကမှ လာဖယ်ထုတ်လို့ မရပါဘူး။

ပရိသတ်တွေကလည်း ဆုဖလားအတွက် အသင်း တိုက်ခိုက်သွားတာ မြင်ရဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ်။ လီဗာပူးလို ထိပ်တန်းအသင်းကို ရင်ဆိုင်မှာကို အားလုံး အာရုံစိုက်နေပြီး ကျနော်တို့ မှန်မှန်ကန်ကန် လုပ်နိုင်ရင် ဖိုင်နယ်ထံ တက်ရောက်နိုင်မှာ ဖြစ်ပါတယ် ” လို့ ဖူလ်ဟမ်နည်းပြက ပြောဆိုသွားပါတယ်။

လီဗာပူးအသင်းဟာ ပထမအကျော့ကို ၂-၁ ဖြင့် အနိုင်ရထားတာဖြစ်ကာ ဒီပွဲကို သရေကျကစားနိုင်ရင်တောင် ဖိုင်နယ်ထံ တက်ရောက်သွားမှာ ဖြစ်ပါတယ်။

ဖိုင်နယ်တက်လာမယ့် အသင်းဟာ ဝင်ဘာလေမှာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကာ ဗိုလ်လုရဖို့ ရှိနေပါတယ်။