ဖူလ်ဟမ်ကို ကျော်ဖြတ်ပြီး ကာရာဘောင်း ဖိုင်နယ်ထံ တက်ရောက်ခဲ့ပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ၁-၁ သရေကျပေမယ့် ပထမအကျော့မှာ အနိုင်ရထားခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ်ဖြင့် ကာရာဘောင်းဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ပထမပိုင်း ၁၀ မိနစ်မှာတင် ထရန့်လား ထင်ရမယ့် ကွမ်းဆက်ရဲ့ ကောင်းမွန်တဲ့ ပေးချက်ကနေ ဒီယက်စ်က ဘောလုံးကို ရယူပြီး ဖူလ်ဟမ် ဧရိယာထောင့်နား ဆွဲပြေးကာ တစ်ချက်လှည့်ရင်း ဂိုးထောင့်ကို ကန်သွင်းခဲ့တာပါ။

ဖူလ်ဟမ်တို့ ကစားပုံ ကောင်းပေမယ့် ပွဲချိန် ၇၅ မိနစ် အထိကတော့ လီဗာပူးအသင်း သက်သောင့်သက်သာ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုး ပိုရခဲ့သင့်တာ ဖြစ်ပါတယ်။ အဲ့နောက်မှာ ရင်ထိတ်စရာ ပွဲရဲ့ နောက်ဆုံးမိနစ်တွေကို တွေ့ကြုံခဲ့ရပေမယ့် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါဟာ လီဗာပူးအတွက် အသင်းသမိုင်းမှာ ၁၄ ကြိမ်မြောက် ကာရာဘောင်းဖလား ဖိုင်နယ်ထံ တက်ရောက်နိုင်မှု ဖြစ်ပါတယ်။ မနှစ်ကရာသီ ဖလားလက်မဲ့ဖြင့် အခြေအနေ ဆိုးရွားခဲ့အပြီး ဒီရာသီမှာ ဆုဖလားအောင်မြင်ရေး လက်တစ်ကမ်းထံ ပြန်ရောက်လာပါတယ်။

ကလော့ပ် ပြန်လည် တည်ဆောက်နေတဲ့ အသင်းသစ်ဟာ စိတ်လှုပ်ရှားဖို့ ကောင်းမွန်ပြီး ပြည်တွင်းဖလားပြိုင်ပွဲ ၃ ခုလုံးမှာ အောင်မြင် ဗိုလ်စွဲနိုင်ဖို့ထိ အားကောင်းနေပါတယ်။ ပြိုင်ပွဲစုံမှာ ၁ ပွဲတည်းသော ရှုံးပွဲကလည်း စက်တင်ဘာလ ၃၀ တုန်းက စပါးကို ရင်ဆိုင်ချိန် ရခဲ့တာ ဖြစ်ပါတယ်။

ဒီယက်စ် အတော်လေး ကောင်းခဲ့တဲ့ ဒီပွဲမှာ ဒါဝင်ကလည်း ထူးချွန်တဲ့ ခြေစွမ်း ပြသခဲ့ပါတယ်။ ဒီယက်စ် ဒုတိယဂိုး ပိတ်သွင်းပေမယ့် သူ့အရင် ဒါဝင် ကန်ခဲ့ကတည်းက လူကျွံနေတာပါ။ ဒီပွဲမှာ ရိုဘိုကို အရန်လူစာရင်းမှာ မြင်ခဲ့ရပြီး လူစားဝင်စေခဲ့ခြင်းတော့ မရှိပါဘူး။

ဖူလ်ဟမ်ကလည်း ဖိုင်နယ်ထံ တက်နိုင်မယ့် ပွဲကောင်းဖြစ်လို့ ကြိုးစား ယှဉ်ပြိုင်ခဲ့သလို အားကောင်းတဲ့ ပရိသတ်တွေကို ရခဲ့ပါသေးတယ်။ ကလယ်ဟာရဲ့ ကာကွယ်မှုတွေ ရခဲ့ပေမယ့် လူစားဝင် တိုက်စစ်သမား ဝဲလ်ဆန်ရဲ့ ဖန်တီးပေးမှုကနေ ဒီယော့က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖူလ်ဟမ်ရဲ့ နောက်ထပ် ကြိုးစားမှုတွေကို လီဗာပူးအသင်း ဟန့်တားနိုင်ခဲ့တာကြောင့် အချိန်ပို မိနစ် ၃၀ ဆက်ကစားရခြင်း မရှိဘဲ ဝင်ဘာလေမှာ ယှဉ်ပြိုင်ရမယ့် ၂ သင်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။