Deloitte Money League ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ ထွက်ပေါ်လာရာမှာ လီဗာပူးအသင်းဟာ ထိပ်တန်း အသင်း ၂၀ အတွင်းမှာ အဆိုးရွားဆုံး ကျဆင်းသွားတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။
၂၀၂၂ တုန်းက ဝင်ငွေ ပေါင် ၅၉၄.၃ သန်း ရှိခဲ့ရာကနေ ၂၀၂၃ မှာတော့ ပေါင် ၅၉၃.၈ သန်း ဝင်ငွေရှိခဲ့ပါတယ်။ ဝင်ငွေပိုင်း သိပ်မလျော့နည်းပေမယ့် အဆင့်မှာတော့ မနှစ်က ၃ နေရာကနေ ဒီနှစ်မှာ ၇ အထိကို ကျဆင်းသွားခဲ့ပါတယ်။
မနှစ်ကရာသီ ချန်ပီယံလိဂ်ကနေ ခပ်စောစော ထွက်ခဲ့ရခြင်းကြောင့် လီဗာပူးအသင်းရဲ့ ရုပ်သံ ထုတ်လွှင့်ကြေးတွေ နည်းပါးခဲ့တာဖြစ်တယ်။ ကွင်းဝင်ကြေးမှာလည်း လျော့နည်းခဲ့ပါတယ်။ ဒါပေမယ့်လို့ စီးပွားရေးဆိုင်ရာ စပွန်ဆာ ရှာဖွေနိုင်စွမ်းကနေတော့ ဝင်ငွေ တိုးတက်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲထံ ပါဝင်ခွင့်မရခဲ့ခြင်းရဲ့ အကျိုးဆက်ကတော့ နောက်နှစ်မှ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အသင်းဟာ စပွန်ဆာပိုင်းမှာ ဝင်ငွေ ကောင်းမွန်နေဆဲဖြစ်ပြီး Standard Chartered နဲ့ ကာလရှည် လက်မှတ်ထိုးနိုင်ခဲ့ခြင်းကနေ အကျိုးအမြတ် ရနေတာဖြစ်ပါတယ်။
၂၀၂၂ နဲ့ ၂၀၂၃ တွေမှာ လီဗာပူးအသင်းဟာ တန်ဖိုးကြီး ကုမ္ပဏီတွေနဲ့ လက်တွဲနိုင်ခြင်းကြောင့် စီးပွားရေးဆိုင်ရာ commercial performance မှာတော့ ကောင်းမွန်နေသေးတာပါ။
ဒါပေမယ့်လည်း ထိပ်ဆုံးမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဝင်ငွေ ပေါင် ၇၂၃ သန်း၊ ဒုတိယနေရာမှာ ရှိနေတဲ့ မန်စီးတီးရဲ့ ဝင်ငွေ ပေါင် ၇၁၈.၂ သန်းအပြင် အဆင့် ၅ နေရာမှာ ရှိနေတဲ့ ယူနိုက်တက် ပေါင် ၆၄၈.၅ သန်းတို့နဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ကွာဟသွားခဲ့တာ ဖြစ်ပါတယ်။
ဝင်ငွေ စုစုပေါင်းရဲ့ ၆၃% ကို အသင်းရဲ့ တစ်နှစ်စာ လုပ်ခအဖြစ် သုံးနေရတာဖြစ်ပေမယ့် လီဗာပူးအသင်းဟာ ဘဏ္ဍာရေး ဟန်ချက်ညီမှုကိုတော့ ဆက်ထိန်းနိုင်ဆဲပါ။ အသင်းဟာ ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ်တို့ရဲ့ ဘဏ္ဍာရေး ကန့်သတ်မှုတွေကိုတော့ အကောင်းဆုံး ကျော်ဖြတ်နိုင်နေဆဲ ဖြစ်ပါတယ်။