သစ္စာမရှိတဲ့ ဆာလာဆိုပြီး ဝေဖန်မှု အရမ်းများနေခြင်းအပေါ် အရှိတရားကို လက်ခံကြဖို့ ကလော့ပ် ထွက်ရှင်း

မိုဆာလာရဲ့ ဒဏ်ရာ ပြဿနာ ထင်ထားတာထက် ပိုဆိုးရွားနေခြင်းဟာ လက်ရွေးစင်နဲ့ ကလပ်ကြားမှာ အက်ကြောင်းတွေ ထွက်ပေါ်လာစေသလို ကစားသမားရဲ့ ပုံရိပ်ကိုလည်း ထိခိုက်မှု ဖြစ်လာစေပါတယ်။

အာဖရိကဖလား ပြိုင်ပွဲထံ သွားရောက် ယှဉ်ပြိုင်ရင်း ဆာလာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာပါ။ အီဂျစ်အသင်းက ၂ ပွဲပယ် နားရမယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ကစားသမားရဲ့ အေးဂျင့်နဲ့ အီဂျစ်အသင်း ဆရာဝန်တို့ရဲ့ ဖော်ထုတ်မှုအရ ဒဏ်ရာက ပိုပြင်းထန်နေကြောင်း သိလာရပါတယ်။

နောက်ဆက်တွဲအဖြစ် လီဗာပူးဘက်က သတင်းထုတ်ပြန်ရာမှာတော့ ဆာလာရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုပြင်းထန်တယ်လို့ ပါဝင်လာခဲ့ပါတယ်။ ဆာလာဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၁ လ ဝန်းကျင် အနားယူရနိုင်ပါတယ်။

လီဗာပူးအသင်းဘက်က ဆာလာကို အက်ဆာထံ ပြန်ခေါ်ပြီး သေချာလေး စစ်ဆေးမှုနဲ့တကွ ပြန်လည် ထူထောင်ရေးကို သေချာလေး ပြုလုပ်လိုပါတယ်။ ဆာလာ ကိုယ်တိုင်ကတော့ အီဂျစ်အသင်းမှာ ဆက်နေလိုပါတယ်။ ဒါပေမယ့် ဆာလာကို အက်ဆာထံ ပြန်ပို့ဖို့ အီဂျစ်နဲ့ လီဗာပူးအသင်းကြား သဘောတူညီမှု ရထားခဲ့ပါပြီ။

အီဂျစ်သတင်းဌာနတွေနဲ့ အီဂျစ်အသင်း ပရိသတ်တွေဘက်ကတော့ အဲ့လို မမြင်ဘဲ ဆာလာဟာ ဒဏ်ရာ အကြောင်းပြပြီး လက်ရွေးစင်အသင်းကို စွန့်ခွာလိုတယ်လို့ မြင်နေကြပါတယ်။ ဆာလာဟာ အီဂျစ်အပေါ် သစ္စာမရှိဘူးဆိုတဲ့ စွဲချက်တွေကလည်း ပြင်းထန်လာနေပါပြီ။

ဖူလ်ဟမ်ကို အနိုင်ရအပြီး မီဒီယာတွေ့ဆုံချိန်မှာ ဆာလာကို နိုင်ငံအတွက် သစ္စာမရှိသူလို့ ဝေဖန်နေကြခြင်းအပေါ် ကလော့ပ်က ကာကွယ်ပေးသွားခဲ့ပါတယ်။

ကလော့ပ်ကတော့ “ ဆာလာကို ပြန်ခေါ်ရေး ဆွေးနွေးမှုတွေမှာ ကျနော် မပါပါဘူး။ အီဂျစ်ကော လီဗာပူးအသင်းကပါ ဆာလာ အမြန်ဆုံး ပြန်ကောင်းလာဖို့ကိုပဲ စိတ်အားထက်သန်နေကြတာပါ။ အီဂျစ်နဲ့အတူ ဆာလာ ဆက်နေမယ်ဆိုရင် သူ သေချာလေး ကုသခွင့်ရမှာ မဟုတ်ပါဘူး။

ဆာလာကို သေချာလေး မကုရင် ကြံ့ခိုင်ရေးက နှောင့်နှေးမှုတွေ ရှိလာမယ် အထူးသဖြင့် အီဂျစ်အသင်း နောက်အဆင့် တက်သွားရင်ပေါ့။ ဆာလာကို အီဂျစ်ကနေ ခေါ်ထုတ်လိုတာ မဟုတ်ဘူး။ သူ့ကို လီဗာပူးထံ ပြန်ခေါ်တာ အကောင်းဆုံး ဆေးကုသမှု လုပ်ပေးချင်လို့ပါ။

အီဂျစ်အသင်း ဖိုင်နယ်တက်သွားလို့ ဆာလာ ကြံ့ခိုင်နေရင် မို ပြန်သွားရမယ်ဆိုတာ ၁၀၀% အာမခံပါတယ်။ မိုလည်း ဒါကို လိုချင်ပါတယ်။

မိုဆာလာရဲ့ သစ္စာတရားအကြောင်း မေးခွန်းထုတ်နေတဲ့သူတွေ အနေနဲ့ ကိုယ့်ဘာသာပဲ ပြန်ပြီး မေးခွန်းထုတ်ကြပါ။ မိုဆာလာဟာ ကျနော်ဘဝ မြင်ဖူးသမျှ အီဂျစ်သားတွေထဲ သစ္စာအရှိဆုံးလူပါ ” လို့ တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

အခုချိန်ထိတော့ လီဗာပူးကို ဆာလာ ပြန်ရောက်လာကြောင်း သတင်းမျိုး ကြားသိရခြင်း မရှိသေးတာ ဖြစ်ပါတယ်။