လီဗာပူးအသင်းနဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ကလော့ပ်ဟာ မျှော်လင့်ထားတာထက် ပိုစောလျင်စွာပဲ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။
ကလော့ပ်ကတော့ လီဗာပူးအသင်း နည်းပြတာဝန်ကို ဆက်လက် ရယူဖို့ရာ သူ့မှာ ခွန်အားမရှိတော့တာကြောင့် အခုလို ရာထူးကနေ နှုတ်ထွက်မှာဖြစ်တဲ့အကြောင်း အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ဖော်ခဲ့တာပါ။
လက်ရှိကနေ ရာသီကုန်အထိတော့ အသင်းရဲ့ နည်းပြတာဝန်ကို ဆက်လက် ရယူပေးသွားဦးမှာ ဖြစ်ပါတယ်။
A message to Liverpool supporters from Jürgen Klopp. pic.twitter.com/l7rtmxgOzt
— Liverpool FC (@LFC) January 26, 2024
ပရိသတ်တွေကို နည်းပြကလော့ပ်ကပဲ “ ဒီအချိန်မှာ လူအတော်များများက ဒီသတင်းအတွက် ထိတ်လန့်သွားကြမယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါကို ပထမဆုံးအကြိမ် အားလုံး ကြားသိရတာပါ။ ဒါပေမယ့် တတ်နိုင်သလောက် ကျနော် ရှင်းပြသွားပါမယ်။
ဒီအသင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို ကျနော် မြတ်နိုးပါတယ်။ ဒီမြို့ကိုလည်း ကျနော် ချစ်ပါတယ်။ ကျနော်တို့ရဲ့ ပရိသတ်တွေ၊ အသင်းနဲ့ ဝန်ထမ်းတွေ အားလုံးကို ချစ်မြတ်နိုးပါတယ်။
ဒါပေမယ့် ဒီဆုံးဖြတ်ချက် လုပ်ရတော့မယ့် အချိန် ရောက်လာပြီလို့ ထင်ပါတယ်။ ကျနော် ခွန်အားကုန်ဆုံးသွားပြီလို့ ပြောရမလားပဲ။ အခုချိန်မှာတော့ ဘာပြဿနာမှ မရှိသေးပါဘူး။ တချိန်ချိန်ကျရင်တော့ ဒါကို ကြေညာရမယ်ဆိုတာကို ကျနော် သိပါတယ်။ အခု ဒီကိစ္စကို ထုတ်ပြောရတာပါ။
ဒီအလုပ်ကြီးပဲ ထပ်ဖန်တလဲလဲ ကျနော် ဆက်မလုပ်နိုင်ပါဘူး။ ကျနော်တို့တွေ အချိန်အတော်ကြာ အတူတူရှိခဲ့တယ်၊ အတူကျော်ဖြတ်ခဲ့ရတယ်။ အားလုံးကို ကျနော် လေးစားမှုတွေ ချစ်ခင်မှုတွေ တိုးလာပါတယ်။ ဒါကြောင့်ပဲ အမှန်တရားကို ပွင့်ပွင့်လင်းလင်း ချပြလာတာပါ ” လို့ ထုတ်ပြောခဲ့ပါတယ်။
ရာသီကုန်မှာတော့ ကလော့ပ် အပြင် လက်ထောက်နည်းပြ ပပ်လင်ဒါး၊ ပီတာနဲ့တကွ တိုးတက်မှုဆိုင်ရာနည်းပြ ဗစ်တာမာတိုစ့်တို့လည်း ရာထူးကနေ ထွက်ခွာကြမယ်လို့ သိရပါတယ်။