မန်နေဂျာ ဘဝကနေပါ အနားယူဖွယ်ရှိကြောင်း ကလော့ပ် အရိပ်အမြွက် ပြောလာ

လီဗာပူးအသင်းဘက်က မန်နေဂျာ ယာဂင်ကလော့ပ်နဲ့ လက်ထောက် နည်းပြ ၂ ဦးဖြစ်တဲ့ ပပ်လင်ဒါး၊ ပီတာတို့အပြင် တိုးတက်မှုဆိုင်ရာ နည်းပြ ဗစ်တာ မာတိုစ့်ပါ ရာသီကုန်ရင် ရာထူးက နှုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။

စိတ်ဝင်စားစရာကတော့ ၂၀၂၆ ခုနှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိထားတဲ့ ကလော့ပ်ဟာ ခပ်စောစော ရာထူးက နှုတ်ထွက်ပေမယ့် အချိန်တစ်ခုယူပြီး နည်းပြလောကထဲ ပြန်ဝင်လာမလား မသိနိုင်သေးပါဘူး။ လီဗာပူးရဲ့ ပြည်တွင်းပြိုင်ဘက် တစ်သင်းထံတော့ လုံးဝ ပြောင်းမှာ မဟုတ်ကြောင်း ကလော့ပ်က အတည်ပြုပါတယ်။

ကလော့ပ်က ” မန်နေဂျာလောကထဲ ပြန်ဝင်လာဦးမလားဆိုရင်? အခုလောလောဆယ်တော့ နိုး လို့ပဲ ဖြေချင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လာမယ်ဆိုတာ မသိပါဘူး။ ခံစားချက်အပေါ် မူတည်ပါသေးတယ်။

သေချာပေါက် ပြောနိုင်တာက လီဗာပူးရဲ့ အင်္ဂလန်ပြိုင်ဘက် ကလပ်အသင်း တစ်သင်းကို ကျနော် ဘယ်တော့မှ ကိုင်တွယ်မှာ မဟုတ်ပါဘူး။ ဒါတော့ ၁၀၀% သေချာပါတယ်။

လီဗာပူးကလပ်နဲ့ လီဗာပူးပရိသတ်တွေအပေါ် ကျနော်ရဲ့ မြတ်နိုးမှုက သိပ်ကြီးမားပါတယ်။ ပြိုင်ဘက်အသင်းထံ မသွားနိုင်ပါဘူး။ တစက္ကန့်လေးတောင် သွားဖို့ မစဉ်းစားပါဘူး ” လို့ ပြောပါတယ်။

ရာသီမကုန်ရင် အခုလို ကြေညာရတာကတော့ လီဗာပူးအသင်း ပြင်ဆင်ဖို့ရာ အချိန်ရအောင် ဖြစ်ပါတယ်။ ၈ နှစ်ခွဲကြာမှာ ကလပ်နဲ့ လမ်းခွဲမယ့် ကလော့ပ်နေရာ ဘယ်သူ့ကို အစားထိုးမလဲကတော့ အတော်လေး စိတ်ဝင်စားခံလာရပါတယ်။

“ ကျနော်ရဲ့ ဝန်ထမ်းတွေ ခပ်စောစော သိရဖို့ လိုပါတယ်။ အထူးသဖြင့် ကလပ်က ခပ်စောစောသိပြီး ခပ်စောစော ပြင်ဆင်ချိန်ရဖို့ လိုပါတယ်။ အခုလို တရားဝင် မကြေညာဘူးဆိုရင် အချို့ အရေးကြီးတဲ့ ကိစ္စတွေ လုပ်လို့ကိုင်လို့ မရနိုင်တာမျိုး ရှိပါတယ်။

ကလပ်က အချိန်လိုပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေမှာ အသင်းအပေါ် ကျနော်ရဲ့ ရာထူးက လွှမ်းမိုးမှု ရှိထားပါတယ်။ တမင်ရည်ရွယ်တာ မဟုတ်ပေမယ့် ဒါက ဖြစ်လာခဲ့ပါပြီ ” လို့ ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာရမှုကို ကလော့ပ်က ရှင်းပြခဲ့ပါတယ်။

ရာသီကုန်ရင် လီဗာပူးအသင်းရဲ့ အရေးကြီး နည်းပြ ၄ ဦးအပြင် အားကစားဒါရိုက်တာ ရှမတ်ကီလည်း ထွက်ခွာမှာမို့ ကွင်းတွင်းရေးရာတွေအတွက် နည်းပြအဖွဲ့ အသစ် ထည့်တွင်းဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။