ရာသီကုန်ရင် လီဗာပူးအသင်းကနေ ယာဂင်ကလော့ပ် ထွက်ခွာမယ့် သတင်းဟာ ဘောလုံးလောကကို ပျံ့နှံ့သွားခဲ့ပါပြီ။
အားလုံး မေးခွန်းထုတ်လာတဲ့ ကိစ္စကတော့ လီဗာပူးအသင်းရဲ့ နောက်ထပ် မန်နေဂျာသစ်က ဘယ်သူဖြစ်လာမလဲ? ပါပဲ။
နာမည်ကျော် မန်နေဂျာ အများအပြားကို သတင်းတွေက ဖော်ပြလာပေမယ့် လီဗာပူးပရိသတ်တွ သိကြတဲ့ နာမည်တစ်ခုကတော့ ရှေ့ကို ရောက်လာနေပါတယ်။ သူကတော့ အသင်းရဲ့ ကွင်းလယ်လူဟောင်း ဇာဗီ အလွန်ဆိုပဲ ဖြစ်ပါတယ်။
၂၀၀၄ မှာ ရီးရဲလ်ဆိုစီဒက်ကနေ လီဗာပူးကို ရောက်လာခဲ့တဲ့ အလွန်ဆိုဟာ ၅ ရာသီကြာ ကစားခဲ့ပါတယ်။ လက်ရှိ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်ကို ကိုင်တွယ်နေပြီး ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ကာ ဇယားထိပ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။
အလွန်ဆိုနဲ့ လေဗာကူဆင်ကြားမှာ စာချုပ်ပါ သဘောတူညီမှု ရှိထားပြီး အသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ ရီးရဲလ်တို့က ခေါ်ယူလိုရင် ထွက်ခွင့်ပေးရမယ့် အချက်ဟာ ဒီနွေမှာ အသက်ဝင်မယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီအချက်ဟာ တရားဝင် စာရွက်ပေါ်မှာ ပါဝင်တာထက် ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှု ယူထားတာလို့လည်း သိထားရတယ်။
အလွန်ဆိုရဲ့ ကိုင်တွယ်တဲ့ ပုံစံဟာ လီဗာပူးအသင်းမှာ FSG တည်ဆောက်ထားတာနဲ့ အံ့ဝင်ဖွယ်ရှိပြီး စပိန်သားဟာလည်း အားကစားဒါရိုက်တာ အဖွဲ့နဲ့အတူ လက်တွဲ လုပ်ဆောင်ရတာကို နှစ်သက်သူလို့ နားလည်ထားရပါတယ်။
အလွန်ဆိုနဲ့အပြိုင် ဘရိုက်တန်မှ ဒီဇာဘီကလည်း သတင်းထွက်နေပေမယ့် အခုချိန်ထိတော့ စပိန်သားကပဲ ရှေ့ပြေးနေတာ ဖြစ်ပါတယ်။