ကလော့ပ် ရာထူးကနေ နှုတ်ထွက်မယ့် ကိစ္စ နောက်ဆက်တွဲ အခြေအနေများနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ကလော့ပ် မရှိရင် သူ လွမ်းနေတော့မှာပါလို့ ထုတ်ပြောခဲ့သလို လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် အရင်ကလောက် အိပ်ရေးပျက်တော့မှာ မဟုတ်ဘူးလို့ ပြိုင်ဘက်ကြီးကို လေးစားစွာဖြင့် မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ် နေရာ အစားထိုးဖို့ နည်းပြရှာဖွေမှုကို စတင် ပြုလုပ်နေပြီဖြစ်ကာ အလွန်ဆို၊ ဒီဇာဘီ၊ နာဂယ်စမန်းနဲ့ ပပ်လင်ဒါးတို့ ရှေ့ဆုံးကို ရောက်လာနေပါတယ်။

သီယေဂို၊ ထရန့်၊ ဆိုဘို၊ ကိုစတက်၊ ရော်ဘတ်ဆန်တို့အားလုံး လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာခဲ့ကြပြီ ဖြစ်ပါတယ်။

ဇာဘီအလွန်ဆိုက လီဗာပူးအသင်းနဲ့ သတင်းထွက်နေမှုကို အဖြေပေးဖို့ ငြင်းဆန်ပြီး သတင်းဆိုတာ ဒီလိုပဲ ဖော်ပြခံရလေ့ရှိပါတယ်လို့ တုန့်ပြန်ပါတယ်။

နည်းပြကလော့ပ်က သူ အသင်းကနေ ထွက်မယ်ဆိုတာကို နိုဝင်ဘာလတည်းက အသင်းကို အသိပေးထားခဲ့တာဖြစ်ပြီး အခုချိန်မှ တရားဝင် ကြေညာလာခဲ့တာ ဖြစ်ပါတယ်။

ရာသီကုန်လို့ လီဗာပူးအသင်းကနေ ထွက်ခွာခြင်း မတိုင်ခင် အကြီးမားဆုံး နှုတ်ဆက်မှုကို ဆုဖလား အောင်မြင်မှုဖြင့် ပိတ်သိမ်းဖို့ ကလော့ပ်က ဆန္ဒရှိနေပါတယ်။

လီဗာပူးအသင်းဟာ နည်းပြလောင်းလျာအတွက် လျာထားစာရင်းမှာ ဒီဇာဘီကိုလည်း အတော်လေး သဘောကျထားပါတယ်။ သူ့ကို အီတလီမှာတည်းက ကလပ်ဘက်က လေ့လာမှုတွေ ပြုလုပ်ထားပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ကလော့ပ်ကို ဆုံးရှုံးရတာဟာ ကုန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တောရက်စ်၊ ဂျရတ်တို့ကို ဆုံးရှုံးခဲ့ရသလို နာကျင်ရကြောင်း လူမှုကွန်ယက်ကနေ တုန့်ပြန်နေကြပါတယ်။

လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်း နည်းစနစ်ဒါရိုက်တာ ရစ်ချက်ဟုချ်ကို အားကစားဒါရိုက်တာသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။

နည်းပြကလော့ပ်ဟာ မန်နေဂျာလောက ကနေ ၁ နှစ် အနားယူမှာဖြစ်ကာ ကလပ်ကော လက်ရွေးစင်အသင်းတွေပါ တာဝန်ယူမှာ မဟုတ်ပါဘူး။ သူ့ရဲ့ လာမယ့် ကလပ်က အင်္ဂလန်ပြင်ပက ကလပ်ဖြစ်ဖို့ ၁၀၀% သေချာပါတယ်။