သူ့ရဲ့နောက်ဆုံးလတွေအတွင်း ဖလားစုံ သိမ်းနိုင်ဖို့ အသင်းကို ပြတ်ပြတ်သားသား တောင်းဆိုတဲ့ နည်းပြကလော့ပ်

ယာဂင်ကလော့ပ်ကတော့ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေဖြစ်လာမယ့် လက်ရှိ ဘောလုံးရာသီမှာ အသင်းထံက အစွမ်းကုန် ကြိုးစားအားထုတ်မှုကို မြင်လိုကြောင်းနဲ့ ပရိသတ်တွေကိုလည်း အရေးကြီး သတင်းပေးမှု လုပ်လာခဲ့ပါတယ်။

နည်းပြကလော့ပ်က ရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ် ကြေညာခဲ့ကာ လက်ရှိ ဖလား ၄ လုံး အောင်မြင်မှုပေါ်မှာ ရှိနေသေးတဲ့ အသင်းကိုတော့ ရာသီသိမ်းတဲ့ထိ ဆက်လက် တာဝန်ယူပေးမှာပါ။

လီဗာပူးပရိသတ်တွေထံက ပြင်းထန်တဲ့ အားပေးမှုတွေကို တောင်းဆိုလိုက်တဲ့ နည်းပြကလော့ပ်က သူ့ရဲ့ နှုတ်ဆက်မှုကို ဆုဖလားအောင်မြင်မှုဖြင့် ပိတ်သိမ်းလိုနေပါတယ်။

“ တစ်ခုတည်းသော ကျနော်လိုချင်တာက ကျနော်ကို အားပေးတာထက် အသင်းကို အပြည့်အဝ အားပေးဖို့ပါ။ ကျနော်တို့ကြားက ဆက်ဆံရေးကို သိပေမယ့် အဲ့တာကို ထပ်ပြီး သက်သေပြနေဖို့ မလိုတော့ပါဘူး။

ကျနော်တို့ အင်အားတွေ စုစည်းကြရအောင်ပါ။ ဒီရာသီအတွက် အစွမ်းကုန် ညစ်ထုတ်လိုက်ရအောင်ပါ။ အနာဂတ်မှာ လက်ရှိ အချိန်ကို ပြန်ကြည့်မယ်ဆိုရင် ပြုံးပျော်စရာတွေ ထပ်တိုးအောင် လုပ်ဆောင်ကြရအောင်ပါ ” လို့ ကလော့ပ်က တိုက်တွန်းပါတယ်။

လီဗာပူးကနေ မထွက်ချိန် ဆုဖလား အောင်မြင်လိုသေးတဲ့ ကလော့ပ်ကပဲ ” ကျနော် စိတ်ကူးထဲမှာတော့ အကောင်းဆုံး အမှတ်တရတွေ ရောက်လာဖို့ ရှိနေပါသေးတယ် ” လို့ တုန့်ပြန်သွားသေးတာ ဖြစ်ပါတယ်။