FSG ကြောင့်လား၊ နည်းပြသစ်ရော ရွေးပေးမှာလား၊ ကလော့ပ် လီဗာပူးက ထွက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် နောက်ဆက်တွဲ သိထားရမယ့် အချက်များ

ယာဂင်ကလော့ပ် က ဒီရာသီကုန်ရင် လီဗာပူးအသင်းကနေ ထွက်ခွာမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို မနေ့က ရုတ်တရက် အသိပေး ကြေညာသွားပါတယ်။

ဒီသတင်း နောက်ဆက်တွဲမှာ ဘာကြောင့် ဘယ်လို ဖြစ်မယ် သို့လော သို့လော ဖြစ်မှုတွေ အများကြီး ရှိပြီး ဒီထဲက မီဒီယာတွေ့ဆုံမှုအတွင်း ကလော့ပ် ကိုယ်တိုင် ပြောထားတဲ့ အချက် တစ်ချိုကို စုစည်း ဖော်ပြပေးပါမယ်။

၁) ဒီလို လီဗာပူး အသင်း မန်နေဂျာ ရာထူးကနေ အနားယူတဲ့ အဓိက အကြောင်းအရင်း တစ်ခုကတော့ ကလော့ပ်က သူ ပင်ပန်းနေပြီ ဖြစ်လို့ပါ လို့ ဆိုပါတယ်။

၂) ကလော့ပ်က လီဗာပူး အပြင် အခြားသော အင်္ဂလိပ် ကလပ်အသင်း တစ်သင်းသင်းကို လုံးဝ နည်းပြတော့မှာ မဟုတ်ဘူးလို့ အပြတ် ပြောထားပါတယ်။ ဒါဟာ လီဗာပူးအသင်းနဲ့ ပရိသတ်တွေကို ချစ်ခင်လေးစားမှုကြောင့် ဖြစ်ပါတယ်။

၃) ကလော့ပ် ထွက်ခွာသလို သူ့ရဲ့ လက်ထောက် နည်းပြ ပက်လင်ဒါးစ် အပါအဝင် နည်းပြ အဖွဲ့ဝင် အားလုံးလည်း နှုတ်ထွက်မှာပါ။ နွေကမှ ရောက်လာတဲ့ အားကစား ဒါရိုက်တာလည်း ပါဝင်ပါတယ်။

၄) လီဗာပူး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားလာတဲ့ နည်းပြ ၇ ဦးလောက်ထိ ရှိနေပြီး လီဗာပူး ကွင်းလယ်ဟောင်း လက်ရှိ ဘိုင်ယန်လီဗာကူဆင် နည်းပြ ဇာဗီ အလွန်ဆိုကတော့ ပရိသတ်တွေ အကြိုက်ဆုံး ဖြစ်နေပါတယ်။

၅) အလွန်ဆိုရဲ့ လီဗာကူဆင်နဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေးတွေ ဘာတွေ မပါဝင်ပါဘူး။ ဒါကြောင့် သူ့ရဲ့ လက်ရှိ ကလပ်က အလွန်ဆို ကို ဇွတ်ဆွဲထားလို့ ရမှာ မဟုတ်ဘဲ စပိန်သားရဲ့ သဘောထား အပေါ်ပဲ မူတည်ပါမယ်။

၆) နောက်ထပ် ရေပန်းစားတဲ့ နည်းပြလောင်းက ဘရိုက်တန်မှ ဒီဇာဘီ ဖြစ်ပြီး ၎င်းကို မေးခွန်းထုတ်ကြရာမှာတော့ လက်ရှိကလပ် အပေါ်ပဲ အာရုံစိုက်ထားတယ် လို့ ဖြေပါတယ်။

၇) ကလော့ပ်က လီဗာပူး နည်းပြသစ် ရွေးချယ်ရေး အတွက် FSG အား ဝင် အကြံပေးမှာ မဟုတ်ပါဘူး။ အသင်းကနေ ထွက်သွားတဲ့ လူအို တစ်ယောက်ဆီကနေ အကြံဉာဏ်လည်း မလိုအပ်ပါဘူး လို့ ကလော့ပ်က ခပ်ဘွင်းဘွင်းပဲ ပြောပါတယ်။

၈) ကလော့ပ်ကတော့ အသင်းကနေ ထွက်ခွာသွားရခြင်းဟာ FSG ကြောင့် မဟုတ်ပါဘူးလို့ ပြောပါတယ်။ ပရိသတ်တွေထံက ဘာအသံ ထွက်လာမယ် မျှော်လင့်မိထားတဲ့ ကလော့ပ် ကိုယ်တိုင်က ဒါကို အသေအချာ ထည့် ဖြေရှင်းထားပါတယ်။ သူကတော့ အသင်းပိုင်ရှင်တွေဟာ အသင်းကို အများကြီး ပံ့ပိုးပေးခဲ့ပါတယ် လို့ ဆိုပါတယ်။

၉) ဘွန်ကီတွေရဲ့ အလေးပေးမှုမှာ အလွန်ဆို၊ ဒီဇာဘီနဲ့ စတီဗင် ဂျရတ် တို့က လီဗာပူး နည်းပြသစ် ဖြစ်လာဖို့ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။

၁ဝ) ကလော့ပ်ရဲ့ လီဗာပူး နည်းပြ ဘဝ နောက်ဆုံးပွဲကတော့ သိပ် မဝေးတော့ပါဘူး။ လာမယ့် မေလလောက် ကျရင် အသင်း ပရိသတ်တွေ ချုံးပွဲချ ငိုကြွေးရမယ့် နှုတ်ဆက်ပွဲ ရောက်လာတော့မှာပါ။ သတင်းကောင်းအဖြစ် ကလော့ပ်က လီဗာပူးအတွက် ဆုဖလား ၃ လုံးလောက် ယူပေးသွားနိုင်ပါသေးတယ်။