လီဗာပူးမန်နေဂျာသစ် ရှာဖွေမှုကို ဘယ်သူ ဦးဆောင်မှာလဲ? ဒီလုပ်ငန်းစဉ် ဘယ်အခြေအနေ ရောက်နေပြီလဲ?

နည်းပြကလော့ပ်ဟာ လီဗာပူးကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာလိုက်ပြီဖြစ်ကာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလမှာတည်းက ကလပ်တာဝန်ရှိသူတွေ သိထားခဲ့ကြပြီး ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ထုတ်ချက်အရ လီဗာပူးအသင်းရဲ့ သုတေသန ဒါရိုက်တာ Will Spearman က လီဗာပူးဘောလုံးအသင်းရဲ့ ပုံစံကြမ်းနဲ့ ကိုက်ညီမှုရှိမယ့် မန်နေဂျာလောင်းလျာတွေကို အဆိုပါကာလတည်းက စတင် ရှာဖွေနေခဲ့ပြီး ဖြစ်ပါတယ်။

ကလော့ပ်ဘက်က ကြေညာပေးခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ လှုပ်ရှားမှုတွေက အရှိန်မြှင့်လာဖွယ် ရှိနေပါတယ်။ အခုချိန်ထိတော့ မန်နေဂျာလောင်းလျာ တစ်ဦးကိုမှ တရားဝင် ချဉ်းကပ် ချိတ်ဆက်ခြင်း မရှိသေးပါဘူး။

လေဗာကူဆင်မှ အလွန်ဆိုအပြင် ဘရိုက်တန်မှ ဒီဇာဘီ၊ စပါးအသင်းမှာ ပိုစတီကိုဂလူ၊ ဘရန့်ဖိုဒ့်မှ သောမက်စ် ဖရန့်တို့ကို အသင်းဘက်က စိစစ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီလုပ်ငန်းစဉ်ကိုတော့ သုတေသနဒါရိုက်တာ Spearman က ဦးဆောင်သွားပါမယ်။

ဟားဗက် ကျောင်းထွက်ဖြစ်တဲ့ Spearman ဟာ ၂၀၁၈ မှာ လီဗာပူးအသင်းကို ရောက်လာခဲ့ပြီး ယခင်ကတော့ data scientist ပိုင်းမှာ ခေါင်းဆောင်ဖြစ်ပါတယ်။ ၂၀၂၃ မှာ လက်ရှိ ရာထူးကို ခန့်အပ်ခြင်း ခံထားရသူ ဖြစ်ပါတယ်။ သူ့မတိုင်ခင် လီဗာပူးရဲ့ သုတေသနဒါရိုက်တာကတော့ Ian Graham ဖြစ်ပါတယ်။

မန်နေဂျာသစ် ရွေးချယ်မှုမှာ ကလော့ပ်ရဲ့ အကြံပေးမှု လုံးဝ ပါဝင်မှာ မဟုတ်ပါဘူး။ လီဗာပူးအသင်း စီအီးအို Billy Hogan ကပဲ FSG ဥက္ကဋ္ဌ Mike Gordon ကတော့ မန်နေဂျာရှာဖွေရေးမှာ အစိတ်အပိုင်းအဖြစ် ပါဝင်မယ်လို့ အတည်ပြုပါတယ်။

Mike Gordon ဟာ ဘော့စတွန်နဲ့ မာဆေးဆိုဒ်ကြားက အဓိက ချိတ်ဆက်သူအဖြစ် လူသိများသူ ဖြစ်ပါတယ်။ မန်နေဂျာသစ် မခန့်ခင်မှာ လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ရာထူးကို အရင်ဆုံး အသစ် ခန့်မယ်လို့ သိရပါတယ်။

လက်ရှိ ဒါရိုက်တာ ဂျော့ရှမတ်ကီဟာ ဇန်နဝါရီ အကုန်မှာတင် လီဗာပူးကနေ ထွက်ခွာမှာပါ။ အားကစားဒါရိုက်တာဟာ အသစ်ရောက်လာမယ့် မန်နေဂျာရဲ့ လုပ်ငန်းစဉ်တွေအပေါ် လွှမ်းမိုးမှု ကြီးမားမှာ ဖြစ်ပါတယ်။