

ဘာစီလိုနာအသင်းကနေ ရာသီကုန်ရင် ထွက်ခွာမယ်လို့ နည်းပြဖြစ်သူ ဇာဗီ ထုတ်ပြောလိုက်တာကြောင့် စပိန်ကလပ်နဲ့ လီဗာပူးတို့ဟာ မန်နေဂျာသစ်ကို အပြိုင် ရှာရဖွယ် ရှိနေပါတယ်။
ကလော့ပ်ရဲ့ အနားယူမယ့် ကိစ္စ ကြေညာအပြီး ပထမဆုံး ပွဲစဉ်အဖြစ် ဒီကနေ့ည အန်ဖီးမှာ အက်ဖ်အေပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ နောက်ဆုံးကာလကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးသွားမှာဖြစ်ပြီး ရာသီကုန်ရင် အသင်းတွင်း အခြေအနေတွေကို ချပြသွားမှာပါ။
The Athletic ရဲ့ ဖော်ထုတ်ချက်အရ လီဗာပူးအသင်းရဲ့ သုတေသန ဒါရိုက်တာ Will Spearman က လီဗာပူးဘောလုံးအသင်းရဲ့ ပုံစံကြမ်းနဲ့ ကိုက်ညီမှုရှိမယ့် မန်နေဂျာလောင်းလျာတွေကို နိုဝင်ဘာလတည်းက စတင် ရှာဖွေနေခဲ့ပြီး ဖြစ်ပါတယ်။
ကလော့ပ်နေရာ အစားထိုးဖို့ လီဗာပူးအသင်းဟာ အလွန်ဆိုကို ဦးတည် ကြိုးစားမယ့် အရိပ်အယောင်တွေ စတင်ထွက်ပေါ်နေပါတယ်။ အခုချိန်ထိတော့ သူနဲ့ ဒီဇာဘီတို့ ၂ ဦးက ရေပန်းစားမှု အမြင့်ဆုံး ဖြစ်ပါတယ်။
လေဗာကူဆင်နည်းပြ အလွန်ဆိုဟာ ရီးရဲလ်ကိုလည်း နည်းပြဖို့ စိတ်ဝင်စားပေမယ့် ပြီးခဲ့တဲ့လကပဲ အန်ဆယ်လော့တီ စာချုပ်သစ် ချုပ်ဆိုထားတာကြောင့် လက်ရှိမှာ လီဗာပူးက အခွင့်အရေး အသာဆုံး ဖြစ်နေပါတယ်။
ပေါ်တူဂီကလပ် စပို့တင်းနည်းပြ ရူဘန် အာမိုရမ်ကလည်း လီဗာပူးနည်းပြရာထူးအတွက် သတင်းတွေထွက်နေပြီး သူ့မှာ စာချုပ်ပါကြေး ပေါင် ၁၇ သန်း ပါဝင်ထားပါတယ်။
မန်နေဂျာကလော့ပ်အတွက် အကောင်းဆုံး အခိုက်အတန့် ပေးနိုင်အောင် ကြိုးစားကြရအောင်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းကို တိုက်တွန်းလိုက်ပါတယ်။
ထရန့်ကို ကာလရှည် စာချုပ်သစ်ပေးဖို့ကို လီဗာပူးအသင်းဘက်က ဦးစားပေးအဖြစ် ဆုံးဖြတ်ထားပြီး ကလပ်ရဲ့ ထိပ်တန်း လုပ်ခရှင် တစ်ဦးအဖြစ် ထိန်းသိမ်းသွားလိုနေပါတယ်။
ခံစစ်မှူး နက်ဖီးလစ်ဟာ ဘလက်ဘန်းအသင်းထံ ရာသီကုန်ထိ အငှားထွက်ကစားပြီ ဖြစ်ပါတယ်။