လီဗာပူးရဲ့ ပစ်မှတ်စာရင်းမှာ အလွန်ဆိုနည်းတူ ထိပ်ဆုံးရောက်လာတဲ့ အာမိုရင်းဆိုတာ ဘယ်သူလဲ

လီဗာပူးအသင်းဟာ ဇာဗီ အလွန်ဆို၊ ဒီဇာဘီတို့ကို ကလပ်ရဲ့ မန်နေဂျာသစ် ရာထူးအတွက် စောင့်ကြည့်နေသလို ဥရောပရဲ့ အလားအလာရှိ လူငယ်နည်းပြအဖြစ် တောက်ပလာတဲ့ အာမိုရင်းကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရူဘန်အာမိုရင်းဟာ ပေါ်တူဂီကလပ် စပို့တင်းအသင်းရဲ့ နည်းပြဖြစ်ပြီး ၂၀၂၂ မှာ စတင် တာဝန်ယူခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၃၉ နှစ်ပဲ ရှိသေးကာ သူ့လက်ထက်မှာ စပို့တင်းရဲ့ တိုးတက်မှုဟာ အတော်လေး လူပြောများလာနေပါတယ်။

အာမိုရင်းဟာ မော်ရင်ညို နောက်ပိုင်း အကောင်းဆုံး ပေါ်တူဂီလူမျိုး နည်းပြဖြစ်လာမယ့်သူလို့ ညွှန်းဆိုခံနေရတယ်။ ပေါ်တူဂီသားဟာ သူ့ရဲ့ မိခင်ဘာသာ စကားအပြင် အင်္ဂလိပ်စကားပါ ကောင်းကောင်းကြီး ပြောဆိုနိုင်တာကလည်း အသင်း ပိုင်ဆိုင်ထားတဲ့ ဥရောပနဲ့ တောင်အမေရိက ကစားသမားတွေကို ကိုင်တွယ်ဖို့ရာ အရေးပါပါလိမ့်မယ်။

အချို့သတင်းတွေအရ လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးဖို့ အလွန်ဆိုကို ဦးစားပေးအဖြစ် ရွေးချယ်ထားပြီး ဒုတိယနေရာမှာတော့ ဘရိုက်တန်းနည်းပြ ဒီဇာဘီကို ကျော်ကာ အာမိုရင်းကို လျာထားတယ်လို့ သိရပါတယ်။

တိုက်စစ်အားသန်သလို စွဲမက်ဖို့ကောင်းပြီး လိုက်လျောညီထွေရှိတဲ့ ကစားဟန်ကို ကျင့်သုံးတဲ့ အာမိုရင်းဟာ ပိုင်ဆိုင်မှု အသားပေးတဲ့ စနစ်ကို အဓိက အသုံးပြုတယ်လို့ သုံးသပ်ခံထားရတယ်။ သူဟာ ၃-၄-၃ စနစ်ကို ကြိုက်နှစ်သက်ပြီး ကစားသမားတွေကို တိုးတက်လာအောင် လမ်းညွှန်ပေးနိုင်စွမ်းရှိပါတယ်။

လီဗာပူးအသင်း ဒီနှစ်တွေမှာ ကင်းထောက်လွှတ် စောင့်ကြည့်နေတဲ့ အန်နာဆီယိုဟာ အာမိုရင်း လက်အောက်မှာ ထူးချွန် ခံစစ်မှူးအဖြစ် တောက်ပလာသူဖြစ်ပါတယ်။ စပို့တင်းထံကနေ အာမိုရင်းကို ခေါ်ယူလိုရင် ယူရို သန်း ၂၀ လျော်ကြေး ပေးရပါလိမ့်မယ်။

လီဗာပူးအသင်းရဲ့ သုတေသန ဒါရိုက်တာ Will Spearman က လီဗာပူးဘောလုံးအသင်းရဲ့ ပုံစံကြမ်းနဲ့ ကိုက်ညီမှုရှိမယ့် မန်နေဂျာလောင်းလျာတွေကို ပြီးခဲ့တဲ့ နိုင်ဝင်ဘာလတည်းက စတင် ရှာဖွေနေခဲ့ပြီး ဖြစ်ပါတယ်။

မန်နေဂျာသစ် ရွေးချယ်မှုမှာ ကလော့ပ်ရဲ့ အကြံပေးမှု လုံးဝ ပါဝင်မှာ မဟုတ်ပါဘူး။ FSG ဥက္ကဋ္ဌ Mike Gordon ကတော့ မန်နေဂျာရှာဖွေရေးမှာ အစိတ်အပိုင်းအဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။